ဖေဖော်ဝါရီ ၂၉၊ ၂၀၁၆
M-Media
– ၀န်ကြီးချုပ်နာဂျစ်၏ ခြစားမှုပြဿနာကို အားပေးထောက်ခံနေသည်ဟု ယူဆသောကြောင့် အာဏာရ UMNO ပါတီမှ နှုတ်ထွက်တော့မည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောကြားလိုက်သည်။
မလေးရှားကို နှစ်အရှည်ကြာဆုံး အုပ်ချုပ်ခဲ့သည့် မဟာသီယာမှာ နိုင်ငံတွင်းတွင် လေးစားခံရဆုံး၊ သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် နာဂျစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ဦးလည်း ဖြစ်သည်။ နာဂျစ်မှာ နိုင်ငံပိုင်လုပ်ငန်း 1MDB ၏ ရန်ပုံငွေ ပြဿနာနှင့်ပတ်သက်ကာ ခြစားမှုရှိနေသည်ဟု ပြီးခဲ့သည့် လများအတွင်း စွပ်စွဲခံထားရသည်။
မလေးရှား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အစီရင်ခံစာအရ ၀န်ကြီးချုပ်နာဂျစ်တွင် အပြစ်မရှိကြောင်း ရှေ့နေချုပ်က ဆုံးဖြတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုဆုံးဖြတ်ချက်ကို ပြန်လည်ဆန်းစစ်ရန် ကော်မရှင်အား ကြီးကြပ်သည့်အဖွဲ့က ပြန်လည်အမိန့်ပေးခဲ့သည်။
“UNMO မှာ နောက်ထပ် ကျွန်တော် ပါဝင်မှာ မဟုတ်တော့ပါဘူး။ အဲဒါက နာဂျစ်ပါတီပါ။ ခြစားမှုမှာ အလိုတူအလိုပါ ဖြစ်နေတဲ့ ပါတီနဲ့ ပတ်သက်ရတဲ့အတွက် ကျွန်တော် ရှက်မိပါတယ်” ဟု ယနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မဟာသီယာက ပြောကြားခဲ့သည်။
သို့သော်လည်း မိမိအနေဖြင့် ပါတီသစ်ထောင်ခြင်း၊ အခြားပါတီများသို့ ၀င်ရောက်ခြင်းတို့ကို ပြုလုပ်သွားမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။
Ref: Arabnews
Comments