မတ် ၅၊ ၂၀၁၆
M-Media
– ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက အိုကီနာဝါကျွန်းပေါ်မှာ အမေရိကန်စစ်စခန်း ပြောင်းရွှေ့နေရာချထားမယ့်အပေါ် ဒေသခံတွေက အပြင်းအထန် ဆန္ဒပြနေတဲ့အတွက် ကျွန်းပေါ်က ဆောက်လုပ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားပေးမယ်လို့ ပြောကြားလိုက်ပါတယ်။
အမေရိကန်ရဲ့ Futenma လေတပ်စခန်းကို လူဦးရေသိပ်သည်းမှုနည်းတဲ့ အိုကီနာဝါကျွန်းက ဟီနိုကိုမြို့မှာ ပြန်လည်နေရာချထားပေးဖို့ ၁၉၉၆ ခုနှစ်မှာ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ အဲဒီအခြေစိုက်စခန်းကို အိုကီနာဝါကျွန်းကနေ အပြီး ဖယ်ရှားစေချင်နေတာပါ။ ဟီနိုကိုသို့ ပြောင်းရွှေ့မှုအပေါ် ဗဟိုအစိုးရနဲ့ ဒေသအစိုးရတို့ အပြန်အလှန် တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိုကျိုအစိုးရနဲ့ အိုကီနာဝါအစိုးရကြား စကားပြောဆိုကြဖို့ ခွင့်ပြုချက်ရခဲ့တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားဖို့ လက်ခံခဲ့တာဖြစ်တယ်လို့ အာဘေးက ယမန်နေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ လေတပ်အခြေစိုက်စခန်းကို ဟီနိုကိုသို့ တဖြည်းဖြည်းပြောင်းရွှေ့မယ့် အစီအစဉ်ကတော့ ပြောင်းလဲမယ့် အလားအလာ မရှိပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံမှာ အထိနာသွေးမြေကျခဲ့ရတဲ့ တစ်ခုတည်းသောဒေသဖြစ်တဲ့ အိုကီနာဝါဒေသခံတွေက အမေရိကန်တပ်တွေ ထားရှိမှာကို အပြင်းအထန် ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါဒေသဟာ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၅၀၀၀၀ အခြေစိုက်ရာနေရာ ဖြစ်ပါတယ်။ အဲဒီက ဒေသခံတွေက စခန်းနဲ့ပက်သက်မှုရှိတဲ့ ရာဇ၀တ်မှုနဲ့ ဆူညံသံတွေနဲ့ ပက်သက်လို့လည်း စောဒကတက်ခဲ့ကြပါတယ်။
အမေရိကန်တပ်သားတွေ ပါဝင်ကျူးလွန်ခဲ့ကြတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း အမြောက်အများရှိခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်တပ်တွေအနေနဲ့ ဂျပန်မှာ ၂၀၀၅ နဲ့ ၂၀၁၃ ကြား လိင်ပိုင်းဆိုင်ရာ စော်ကားမှုပေါင်း ၁၀၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
၁၉၉၅ တုန်းက အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်က ဂျပန်ကျောင်းသူတစ်ဦးကို ၀ိုင်းပြီး အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံတစ်ဝှမ်းမှာ ပြည်သူအများအပြားဟာ လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Ref: Presstv
Comments