မတ် ၆၊ ၂၀၁၆
M-Media
– ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တက္ကသိုလ်ဆေးရုံရဲ့ လေ့လာမှုတစ်ရပ်အရ ရှားရှားပါးပါးဖြစ်ရပ်တွေမှာ အလွန်အမင်း ပျော်ရွှင်မှုတွေကြောင့် နှလုံးကို ထိခိုက်ပျက်ဆီးစေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အရင်ကတွေ့ရှိခဲ့တဲ့ လေ့လာမှုတွေအရ ၀မ်းနည်းပူဆွေးခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်း စတဲ့ ပြင်းထန်တဲ့စိတ်လှုပ်ရှားမှုမျိုးတွေမှာ ရင်ဘတ်အောင့် အသက်ရှုကြပ်တာမျိုး၊ နှလုံးရောဂါနဲ့ တစ်ခါတစ်ရံမှာ အသက်သေစေနိုင်တဲ့ အထိ ဖြစ်စေနိုင်တာကို တွေ့ရပါတယ်။
ပျော်ရွှင်မှုကြောင့် နှလုံးထိခိုက်တယ်ဆိုတဲ့ အခြေအနေမျိုးဟာ အတွေ့ရရှားလေ့ရှိပြီး ကျွမ်းကျင်သူတွေကတော့ နှလုံးပျက်စီးခြင်းရောဂါ takotsubo syndrome လို့ သတ်မှတ်ထားပါတယ်။ ဒီလိုဖြစ်ရတာဟာ နှလုံးရဲ့ အဓိကသွေးလွှတ်ခန်းကနေ ကောင်းစွာ သွေးမလွှတ်ပေးနိုင်တော့ဘဲ နှလုံးကြွက်သားတွေ ခဏတာ အားနည်းသွားတာမျိုး ရုတ်တရက် ဖြစ်သွားစေလို့ပဲ ဖြစ်ပါတယ်။
ပျော်ရွှင်မှုကို ခံစားပြီးတဲ့နောက်ပိုင်းမှာ ဒီရောဂါ ဖြစ်တတ်သလားဆိုတာကို ပထမဆုံး စမ်းသပ်မှုအတွင်း ဒီလို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ သုတေသနပညာရှင်တွေကတော့ ဒီရောဂါကို “ပျော်ရွှင်သော နှလုံးရောဂါ” လို့ နာမည်ပြောင် ပေးထားပါတယ်။
“ပျော်စရာကောင်းတဲ့အဖြစ်အပျက်တွေနဲ့ ၀မ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေမှာ အလားတူရောဂါမျိုး ဖြစ်စေနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်” လို့ လေ့လာမှုမှာ ပါဝင်ခဲ့သူ သုတေသီ ဂျလီနာ ဂါဒရီက ပြောကြားခဲ့ပါတယ်။
စိတ်ခံစားမှုကြောင့် ဝေဒနာဖြစ်သူပေါင်း ၄၈၅ ယောက်ကို စမ်းသပ်ခဲ့ရာမှာ အယောက် ၂၀ ခန့်ဟာ မွေးနေ့ပွဲ၊ မင်္ဂလာပွဲ၊ စုံညီပွဲ၊ အားကစားပွဲ စတဲ့ ပျော်ပွဲရွှင်မှုတစ်ခုခုကြောင့် အဲဒီလိုရောဂါမျိုး ဖြစ်ပေါ်နေတာကို တွေ့ရှိခဲ့ပါတယ်။ အများစုဖြစ်တဲ့ ၄၆၅ ယောက်ကတော့ အသုဘအခမ်းအနား တက်ရောက်အပြီး သို့မဟုတ် လူမှုရေးအဆင်မပြေတာ တစ်ခုခု စတဲ့ ၀မ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့် ဖြစ်တာကို တွေ့ရပါတယ်။
လေ့လာမှုရလဒ်တွေအရ ယင်းကဲ့သို့သော ရောဂါမျိုး အများဆုံး တွေ့ရလေ့ရှိသူတွေဟာ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ နှလုံးပျက်စီးမှု နှစ်ခုလုံးရဲ့ နောက်ကွယ်က အသေးစိတ်ဖြစ်စဉ်တွေကို ထပ်မံလေ့လာဖို့လိုသေးတယ်လို့ ဂါဒရီက ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: IINA
Comments