မတ် ၂၂၊ ၂၀၁၆
M-Media
– ကွန်ဂိုဒုတိယသမ္မတဟောင်း ဂျီယန် ပီယာရီ ဘမ်ဘာမှာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအရင်က ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် အပြစ်ရှိကြောင်း တွေ့ရှိရသည်ဟု နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး ICC က ဆုံးဖြတ်လိုက်သည်။
ဘမ်ဘာမှာ စစ်သား ၁၅၀၀ ပါဝင်သည့် တပ်ဖွဲ့တစ်ခုကို ကွပ်ကဲစဉ်က ထိုတပ်သားများ ကျူးလွန်ခဲ့သည့် လူသတ်မှု၊ မုဒိမ်းကျင့်မှု၊ လုယက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိမှုအတွက် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
စွဲချက်များတွင် လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှု နှစ်ခု၊ စစ်ရာဇ၀တ်မှု ၃ ခုတို့ ပါဝင်ပြီး ထိုစဉ်က ဗဟိုအာဖရိကနိုင်ငံတွင် ဖြစ်ပွားသည့် ပြည်တွင်းစစ်အတွင်း သမ္မတ အန်ဂီဖီလစ် ပါတက်ဆီဘက် ဘမ်ဘာ၏ ပြည်သူ့စစ်များက ပါဝင်ခဲ့ရာတွင် ကျူးလွန်ခဲ့မှုများဖြစ်သည်။
၅ နှစ်ကျော်ကြာ ကြားနာစစ်ဆးခဲ့ရသည့် ဘမ်ဘာ၏ အမှုတွဲမှာ ပဋိပက္ခများအတွင်း စစ်သားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံးတွင် ပထမဆုံး ကြားနာမှုလည်း ဖြစ်သည်။ လူ့အခွင့်အရေးအဖွဲ့များကမူ ထိုဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့သည်။
ဘမ်ဘာမှာ ငွေကြေးကြွယ်ဝသည့် စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ၎င်းဦးဆောင်သည့် ကွန်ဂိုလွတ်မြောက်ရေးလှုပ်ရှားမှု (MLC) ၏ ပြည်သူ့စစ်အဖွဲ့နှင့် နိုင်ငံရေးပါတီမှာ ၂၀၀၀ ပြည့်နှစ်းများတွင် ကွန်ဂိုနိုင်ငံ၌ လွှမ်းမိုးခဲ့သည်။
ယခုကဲ့သို့ စစ်ရာဇ၀တ်မှုနှင့် လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည့် ဘမ်ဘာမှာ အနည်းဆုံး ထောင်ဒဏ် နှစ် ၃၀ မှ တစ်သက်တစ်ကျွန်းအထိ ကျခံရဖွယ်ရှိနေသည်။
Ref: Aljazeera
Comments