မတ် ၂၅ ၊ ၂၀၁၆
M-Media
အေးထွန်း ရှာဖွေတင်ဆက်သည်။
ဩစတေးလျှက Malleefowl ငှက်အဖိုဟာ သူ့ရဲ့အသိုက်တောင်ပို့ကြီးကို အပူချိန်အမြဲတိုင်းတာ စစ်ဆေးနေတယ်။
ဘာလို့လဲဆိုရင် သူ့ဇနီး ဥမဲ့ ဥတွေဟာ အပူချိန် ၃၃ ဒီဂရီ ဆဲလ်စီးရက်စ် မှာမှ ပေါက်ဖွားဖို့ အကောင်းဆုံးအခြေအနေရှိတယ်လေ။
ဒီငှက်မဟာ တစ်ခြားငှက်တွေလို ဥတွေပေါ် တက်ထိုင်ဝပ်ပြီး ဖောက်တာမဟုတ်ဘူး။
အသိုက်အပူချိန်ကိုသာ အသုံးပြုပြီး ဖောက်တာ။
ဆိုတော့ ငှက်ဖိုဟာ ဥကျင်းအပူချိန် ၃၃ဒီဂရီဆဲလ်စီးရက် တစ်သမတ်တည်း ရှိမရှိ ကိုအမြဲစစ်ဆေးနေတယ်။
ငှက်ဖိုရဲ့ လျှာနဲ့ နှုတ်သီးဟာ အပူချိန်တိုင်းကိရိယာတွေ (Thermometer) ပေါ့။
ဥကျင်းမှာ အပူဓာတ်ရရှိအောင် ဘယ်လိုလုပ်ပါသလဲ၊
ငှက်ဖိုဟာ ဥကျင်းထဲကို သစ်ရွက်တွေ၊ သစ်ခေါက်တွေ နဲ့ သစ်ကိုင်းစတွေကို ထည့်သွင်းလိုက်ပါတယ်။ ပြီးရင် အဲဒီအပေါ်ကနေ သဲမြေတွေနဲ့ အုပ်ထားလိုက်ပါတယ်။
မိုးရွာတဲ့ အခါမှာ စွတ်စိုလာတဲ့ ဒီသစ်ရွက်၊သစ်ခေါက်၊ သစ်ကိုင်းစတွေဟာ ဘက်တီးရီးယားတွေကြောင့် တစ်ဖြည်းဖြည်း ဆွေးမြေ့ပြိုကွဲ (Decompose) သွားပါတယ်။ ဒီဖြစ်စဉ်ဟာ အပူဓာတ်ကို ထုတ်လွှတ်ပါတယ်။
အပူချိန်ဟာ ၃၃ဒီဂရီဆဲလ်စီးရက်စ်ကို ရောက်ပြီဆိုမှ ငှက်မဟာ ဥကျင်းထဲ ဥဥချပါတယ်။
ငှက်ဖိုဟာ တောက်လျှောက်အပူချိန်ကို စစ်ဆေးနေပါတယ်။
တကယ်လို့များ ဥကျင်းထဲက သစ်ရွက်၊သစ်ခေါက်၊ သစ်ကိုင်းစတွေရဲ့ ပုတ်သိုးပျက်ဆီးမူနှုန်းဟာ အရမ်းမြန်ပြီး အပူချိန်ဟာ ၃၃ဒီဂရီဆဲလ်စီးရက်အထက်ကို ရောက်ခဲ့မယ်ဆိုတာနဲ့ ငှက်ဖိုဟာ ဖုံးအုပ်ထားတဲ့ သဲမြေတွေကို ဖယ်ထုတ်လိုက်ပြီး ပိုလျှံနေတဲ့ အပူဓာတ်တွေ အပြင်ကို လွတ်ထွက်သွားအောင် လုပ်လိုက်ပါတယ် ။
တကယ်လို့များ အပူဓာတ်လွန်ကဲမူဟာ သစ်ရွက်စတာတွေရဲ့ ပုတ်သိုးပျက်ဆီးမူ အမြန်နှုန်းကြောင့် မဟုတ်ပဲ၊ ပြင်းထန်တဲ့ နေအပူချိန်ကြောင့်ဆိုရင် ငှက်ဖိုဟာ ဒီနေအပူကို ကာကွယ်ဖို့ အသိုက်ကို သဲမြေတစ်ထပ် ထပ်မံအုပ်လိုက်ပါတယ်။
ပြောင်းပြန်ဖြစ်စဉ်အနေနဲ့ တကယ်လို့များ အပူချိန်ဟာ ၃၃ဒီဂရီဆဲလ်စီးရက်အောက် ကျဆင်းနေပြီဆိုရင်တော့ ငှက်ဖိုဟာ ဥကျွင်းထဲကို နေရဲ့အပူဓာတ်တွေဝင်လာနိုင်အောင် သဲမြေတွေကို ဖယ်ရှားပစ်ပါတယ်။
(Nest Kept Warm: Mallee fowl , AskNature.org)
(International Wildlife Encyclopedia: Leopard -marten By Maurice Burton and Robert Burton , Pg . 1528)
(The Atlas of Endangered Animals: Wildlife Under Threat Around the World By Paula Hammond , Pg. 108-109)
ဒီငှက်တွေအကြောင်း ဖတ်အပြီးမှာ ကျွန်တော့်ကိုယ် ကျွန်တော် အောက်ပါမေးခွန်းတွေ မေးနေမိပါတယ်။
၁) ဒီငှက်တွေဟာ သူတို့ဥတွေပေါက်ဖွားဖို့အတွက် ဥကျင်းမှာ အပူချိန် ၃၃ဒီဂရီဆဲလ်စီးရက်စ်ကို ထိန်းသိမ်းထားရမယ်လို့ ဘယ်လိုများသိနေပါသလဲ၊
၂) သစ်ရွက်၊သစ်ခေါက်တွေ ဆွေးမြေ့ပျက်ဆီးမူဟာ ဥကျင်းအတွင်း အပူဓာတ်ကို ဖြစ်တည်စေမယ်ဆိုတာ သူတို့ဘယ်လိုသိနေကြပါသလဲ
၃) တကယ်လို့ အပူဓာတ် လွန်ကဲလာပြီဆိုရင် ဒါဟာ သစ်ရွက်၊သစ်ခေါက်တွေ ရဲ့ မြန်ဆန်သော ဆွေးမြေ့မူကြောင့်လား ၊ ဒါမှမဟုတ် နေအပူရှိန်ကြောင့်လား ဆိုတာ ဘယ်လိုခွဲခြားနိုင်ပါသလဲ
၎) ပြီးတော့ ငှက်ဖိုရဲ့ လျှာနဲ့နှုတ်သီးမှာ ဘယ်လိုများ အပူချိန်တိုင်း ကိရိယာ သာမိုမီတာ ပါဝင်နေရတာလဲ ?????
Comments