မတ် ၂၇၊ ၂၀၁၆
M-Media
– အကြမ်းဖက်သမားတွေအနေနဲ့ ကမ္ဘာတစ်ဝှမ်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ နျူးကလီးယားလက်နက်တွေ အသုံးပြုလာနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ နျူစောင့်ကြည့်ရေးအဖွဲ့ IAEA က သတိပေးလိုက်ပါတယ်။
“အကြမ်းဝါဒဟာ ပြန့်နှံ့နေပြီး နျူးကလီးယားလက်နက်တွေကို အသုံးမပြုနိုင်ဘူးလို့ မဆိုနိုင်ပါဘူး။ နျူနည်းပညာဟာ အခုဆိုရင် နည်းပညာအဟောင်းတစ်ခုလို ဖြစ်နေပါပြီ။ ဒီနေ့အကြမ်းဖက်သမားတွေရဲ့ အသိပညာတွေနဲ့ သတင်းအချက်အလက်တွေလည်း မြင့်မားလာပါပြီ” လို့ IAEA ရဲ့ အမှုဆောင်ဒါရိုက်တာ ယူကီယာ အမာနိုက ပြောကြားခဲ့ပါတယ်။
နောက်ပြီး အကြမ်းဖက်သမားတွေအနေနဲ့ ဒီလို ပေါက်ကွဲအားပြင်းထန်တဲ့လက်နက်တွေကို စီမံခန့်ခွဲနိုင်ကြပြီလို့လည်း သူက ဆိုပါတယ်။
“IAEA အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း နျူကလီးယားဆိုင်ရာလုံခြုံရေး တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားဖို့ လိုပါပြီ”
၁၉၉၀ အလယ်လောက်ကတည်းက နျူလက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ပျောက်ဆုံးမှု သို့မဟုတ် တရားမ၀င်လက်ဝယ်ထားရှိမှုတွေအပါအ၀င် ဥပဒေမဲ့ ကုန်သွယ်မှုပေါင်း ၂၈၀၀ နီးပါးလောက်ကို IAEA က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး အမာနိုက အကြမ်းဖက်သမားတွေဟာ ယူရေနီယမ် ဒါမှမဟုတ် ပလူတိုနီယမ်တို့ထက် ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ပေါင်းစပ်ကာ ‘ညစ်ညမ်းဗုံး’ (dirty bomb) တွေ ပြုလုပ်နိုင်တဲ့ အလားအလာ ရှိတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ညစ်ညမ်းဗုံးတွေဟာ ဘယ်လို မြို့ကြီးပြကြီးကိုမဆို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးနဲ့ နိုင်ငံရေးဂယက်တွေလည်း အလွန်ကြီးထွားလာပါမယ်”
နျူကလီးယားဗုံးကို အသုံးပြုထားတဲ့ တစ်ခုတည်းသော နိုင်ငံကတော့ အမေရိကန်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံ ဟီရိုရှိးမားနဲ့ နာဂါဆာကီမြို့တို့ကို ကြဲချခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အမေရိကန်ဟာ အသင့်ပစ်လွှတ်လို့ရတဲ့ နျူလက်နက် ၂၀၀၀ ခန့်ကို ပိုင်ဆိုင်ပြီး ကမ္ဘာပေါ်မှာ နျူလက်နက်အများဆုံးပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။
Ref: Presstv
Comments