မတ် ၃၀၊ ၂၀၁၆
M-Media
– ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ သက်ကြီးရွယ်အိုတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ချို့ယွင်းမှုပြဿနာကို နှေးကွေးစေပြီး ၁၀ နှစ်ခန့် နှောင့်နှေးစေတယ်လို့ အမေရိကန်ပြည်ထောင်စု မိုင်ယာမီတက္ကသိုလ် သုတေသီများရဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်းမရှိတဲ့သူတွေဟာ တက်ကြွလှုပ်ရှားသူတွေထက် စိတ်ရောဂါဖြစ်နိုင်ချေ ပိုများတာကိုလည်း အဲဒီလေ့လာမှုမှာ တွေ့ရှိခဲ့ရပါတယ်။
“လူထုကျန်းမာရေးမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို လျှော့ချဖို့ကတော့ ကိုယ်လက်လေ့ကျင့်ခန်းဟာ ဆွဲဆောင်မှုအရှိဆုံး ရွေးချယ်စရာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကုန်ကျစရိတ်လည်း သက်သာပြီး ဆေးထိုး၊ ဆေးစားနေရတဲ့ အနှောင့်အယှက်မျိုးလည်း မရှိလို့ပါ” လို့ မိုင်ယာမီတက္ကသိုလ်ရဲ့ အာရုံကြော တွဲဖက်ပါမောက္ခ ဒေါက်တာ ကလင်တန်ရိုက်က ပြောကြားခဲ့ပါတယ်။
လေ့လာမှုအတွင်းမှာ သုတေသနပညာရှင်တွေဟာ ပျမ်းမျှအသက် ၇၁ နှစ်အရွယ်ရှိတဲ့ သက်ကြီးရွယ်အို ၈၇၆ ဦးကို စိတ်ပိုင်းဆရာ အခြေခံတဲ့ ဆုံးဖြတ်မှုမြန်နှုန်း၊ စကားလုံးမှတ်မိမှု၊ အဖြစ်အပျက်မှတ်မိမှုနဲ့ ဝေဖန်ပိုင်းခြားနိုင်မှု စတာတွေကို ၁၂ နှစ်အတွင်းမှာ ၂ ကြိမ် လေ့လာခဲ့ပါတယ်။
အဲဒီအထဲက ၉၀ ရာခိုင်နှုန်းကို ပေါ့ပါးတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်စေပြီး ၁၀ ရာခိုင်နှုန်းကတော့ ပုံမှန်ကနေ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ခိုင်းခဲ့ပါတယ်။ အဆုံးသတ်မှာတော့ လေ့ကျင့်ခန်း များများစားစားလုပ်တဲ့ သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ မှတ်ဉာဏ်ဟာ ဆုတ်ယုတ်မှုနှေးကွေးတာကို တွေ့မြင်ရပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနှုန်းဟာ ၁၀ နှစ်လောက် နှေးကွေးတာကိုတောင် တွေ့မြင်ခဲ့ကြရပါတယ်။
ဒီနှစ်အစောပိုင်းက ဘော့စတွန်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာလည်း အလားတူ ရလဒ်မျိုး ထွက်ပေါ်ခဲ့ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးလည်ပတ်မှု တိုးလာပြီး ဦးနှောက်ရဲ့ အခြေအနေနဲ့ စွမ်းဆေင်ရည်တွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
Ref : IINA
Comments