မတ် ၃၀၊ ၂၀၁၆
M-Media
– အိမ်မွေးတိရစ္ဆာန်တွေကို ရေချိုးပေးခြင်း၊ လက်သည်းခြေသည်း ညှပ်ပေးခြင်း၊ အမွှေးများညှိပေးခြင်းနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်ပေးခြင်း စတဲ့ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းတစ်ခုကို ဆော်ဒီအမျိုးသမီးလေးဦးက စတင်လိုက်တယ်လို့ သိရပါတယ်။
အဲဒီ လုပ်ငန်းကို ဟူဒါ ကာဘာနီ၊ ၀ီဒတ် အလ်-တာမီမီ၊ နိုရာ အလ်-အေ၀ါတာနီ၊ အမ်နာ အလီရစ်ဒါတို့က စိတ်ကူးရကာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အစိုးရဆီကလည်း ခွင့်ပြုချက် ရရှိထားတယ်လို့ ဆိုပါတယ်။
အလ်-ကာဘာနီက ဒေသတွင်းမှာရှိတဲ့ တိရစ္ဆာန်ဆရာဝန်တွေဆီကနေ ညံ့ဖျင်းတဲ့ ၀န်ဆောင်မှုမျိုးကို တွေ့ရပြီး တစ်ခါတစ်လေမှာ တိရစ္ဆာန်တွေဟာ ပိုလို့တောင် ဆိုးသွားလေ့ရှိတဲ့အတွက် ဒီလို ၀န်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“တိရစ္ဆာန်လေးတွေကို သူတို့ရဲ့ အမွှေးအမှင်လေးတွေ ဖြတ်တောက်ပေးဖို့၊ သန့်သန့်ရှင်းရှင်းထားဖို့ လိုအပ်ပါတယ်။ လူတွေထင်မြင်နေသလိုမျိုး တိရစ္ဆာန်တွေဟာ သူတို့ကိုယ်တိုင် သန့်ရှင်းရေး မလုပ်တတ်ပါဘူး” လို့ အလ်-အေ၀ါတာနီက ပြောကြားခဲ့ပါတယ်။
ကာဘာနီကတော့ သူတို့ ၃ ဦးရဲ့ ဒီလုပ်ငန်းဟာ တိရစ္ဆာန်အခွင့်အရေးကို ဖန်တီးပေးရေးအတွက် အသိပညာ ပိုမိုပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
ဒီ ဆော်ဒီအမျိုးသမီးတွေအားလုံးဟာ ဗြိတိန်မှာ အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်မှုနဲ့ပက်သက်တဲ့ ဘာသာရပ်တွေ သင်ယူတတ်မြောက်ထားကြပြီး အမွှေးအမျှင် သန့်ရှင်းရေးအပါအ၀င် တိရစ္ဆာန်များရဲ့ သဘာဝအလေ့အထကို နားလည်ကြပါတယ်။
ဒါ့အပြင် သူတို့တွေဟာ တိရစ္ဆာန်နဲ့ပက်သက်တဲ့ စောင့်ရှောက်မှုကို ကလေးငယ်တွေအကြားမှာ အသိပညာပေးသွားမှာဖြစ်ပြီး၊ အိမ်မွေးတိရစ္ဆာန်တွေ ညှင်းပမ်းခံနေရတဲ့ ပြဿနာကို ဖြေရှင်းပေးတဲ့ အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Arab News
Comments