ဧပြီ ၁၊ ၂၀၁၆
M-Media
– တကယ့်ဆားအစစ်ကို ထည့်စရာမလိုဘဲ ဆားအရသာကို ပေးစွမ်းနိုင်တဲ့ ခက်ရင်းတစ်ခုကို ဂျပန်နိုင်ငံ တိုကျိုမြို့ သုတေသနပညာရှင်တွေက ဖန်တီးထုတ်လုပ်လိုက်ပါတယ်။
ဓာတ်ခဲအသုံးပြုထားတဲ့ အဲဒီခက်ရင်းဟာ လျှော့ရိုက်တဲ့နည်းနဲ့ ဆားအရသာ၊ အချဉ်အရသာနဲ့ အခြားသော အစားအစာ အရသာအမျိုးမျိုးတို့ကို ခံစားနိုင်စေမှာ ဖြစ်ပါတယ်။ ဒီခက်ရင်းကို စမ်းသပ်သုံးစွဲနေတုန်းသာရှိပြီး ဆားလျှော့သူတွေနဲ့ ဆားမထည့်ဘဲ စားသုံးသူတွေ တစ်ဦးချင်းစီအတွက် တီထွင်ထားဖြစ်တယ်လို့ ဆိုပါတယ်။
“အရသာပေးစွမ်းနိုင်ဖို့ လျှပ်စစ်အသုံးပြုတဲ့ နည်းပညာပါ” လို့ တိုကျိုတက္ကသိုလ်ရဲ့ သုတေသီတစ်ဦးဖြစ်သူ ဟီရိုမီ နာကာမူရာက ပြောပါတယ်။ ၎င်းက ပြည်တွင်းစားသောက်မှုပုံစံကို တိုးတက်စေဖို့ ရည်ရွယ်ထားတဲ့ “ဆားမဲ့ စားသောက်ဆိုင်” လို့အမည်ပေးထားတဲ့ စီမံကိန်းကို ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။
“အဲ့ဒီခက်ရင်းဟာ လုံးဝ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာကို စားသုံးလိုသူတွေရဲ့ ဆန္ဒကို ကျေနပ်နိုင်စေမှာပါ”
ခက်ရင်းလက်ကိုင်မှာ ပြန်လည်အားသွင်းလို့ရတဲ့ ဘက်ထရီတစ်လုံးနဲ့ လျှပ်စစ်ပတ်လမ်းကြောင်းတစ်ခု တပ်ဆင်ထားပြီး ဘက်ထရီသက်တမ်းဟာ ၆ နာရီခန့် ခံမှာဖြစ်ကာ စထုတ်တဲ့ပုံစံမှာတော့ ရေစိုမခံပါဘူး။
အသုံးပြုသူတွေအနေနဲ့ လက်ကိုင်ပေါ်က ခလုပ်ကိုနှိပ်ပြီး ခက်ရင်းနဲ့ အစားအစာကို ပါးစပ်ထဲထည့်သွင်းရမှာဖြစ်ကာ အရသာအတွက် ညင်သာတဲ့ လျှပ်စီးကြောင်းတစ်ခုကို လျှာဆီ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ခက်ရင်းကို ခံတွင်းထဲ တော်တော်ဝေးတဲ့အထိ ထိုးထည့်မယ်ဆိုရင် ပါးစပ်ထဲမှာ မနှစ်မြို့ဖွယ်ကောင်းတဲ့ သတ္တုအရသာတစ်ခု ဖြစ်စေမယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။
လက်ရှိမှာတော့ ယင်းကိရိယာမှာ ဆားငံမှုကို အဆင့်သုံးဆင့် ထားရှိပါတယ်။ ဒီနည်းပညာအတွက် ကန်ဒေါ်လာ ၁၇.၇ ဒေါ်လာ ကုန်ကျခဲ့ပြီး ခက်ရင်းအတွက် ကုန်ကျစားရိတ်ကတော့ သီးခြားဖြစ်ပါတယ်။
Ref: IINA
Comments