ဧပြီ ၄ ၊ ၂၀၁၆
M-Media
သူရ
.
မြန်မာနိုင်ငံ တဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များ ချစ်ခင်လေးစားရသော ထိပ်တန်း အစ္စလာမ် ဘာသာရေး ပညာရှင်ကြီး တစ်ဦးဖြစ်သူ အလ်ဟဂ်ျ မော်လနာ ဟာဖိဇ် မုဟမ္မဒ် ဟိဒါယသွလ္လဟ် ဆွာဟစ်ဗ် အသက် (၇၆) နှစ်သည် (၄.၄.၂၀၁၆) မနက်မှာ (အလ္လာဟ်အရှင်မြတ် အမိန့်ခံယူ) ကွယ်လွန် သွားကြောင်း သိရပါသည်။
.
အလ်ဟဂ်ျ မော်လနာ ဟာဖိဇ် မုဟမ္မဒ် ဟိဒါယသွလ္လဟ် ဆွာဟစ်ဗ် ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် မွေးဖွားခဲ့သည်။
.
ငယ်စဉ်ဘဝ အသက် ၁၀ နှစ် အရွယ် စတင်ပြီး အစ္စလာမ် ဘာသာရေး ပညာများ သင်ယူဆည်းပူးခဲ့ကြောင်း သိရှိရသည်။
.
ကုရ်အာန် ကျမ်းတော်မြတ်ကို အာဂုံဆောင် ကျက်မှတ်နိုင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
.
ပညာသင်ယူသည့် ကျောင်းသားဘဝ ၌ပင် ရန်ကုန်မြို့ ယောက်လမ်းရှိ ဗလီဝတ်ကျောင်းတော်တွင် ရှေ့ဆောင် အီမာမ် အဖြစ် ဆောင်ရွက်ခဲ့ပြီး ကျောင်းသားငယ်များကို အစ္စလာမ်ဘာသာရေး စာပေများ ပို့ချပေးခဲ့သည်။
.
၁၉၇၆ ခုနှစ် မှ ၁၉၈၂ ခုနှစ် အထိ မေမြို့ရှိ ဗလီဝတ်ကျောင်းတော်ကြီးမှာ ရှေ့ဆောင် အီမာမ် အဖြစ် လည်းကောင်း၊ အစ္စလာမ် ဘာသာရေး စာပေများ သင်ကြားပို့ချသည့် တာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း သိရှိရပါသည်။
.
၁၉၈၂ ခုနှစ် နောက်ပိုင်း ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အဇစ်ခြံ ဗလီ (န.ဝ.တ အစိုးရ လက်ထက် ဖျက်သိမ်းခံရ) တွင် ရှေ့ဆောင် အီမာမ် အဖြစ်လည်းကောင်း ၊ ကုက္ကိုင်းဗလီတွင် ရှေ့ဆောင် အီမာမ် အဖြစ်လည်းကောင်း၊ တာမွေမြို့နယ်ရှိ ဒါရွလ်အုလူးမ် အာရဗီ သာသနာ့ တက္ကသိုလ်တွင် အစ္စလာမ် သာသနာရေး(ဟဒီးစ်) ပညာရပ်များကို မကွယ်လွန်ခင်အချိန်ထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
.
မြန်မာနိုင်ငံ အိုလမာ-အစ္စလာမ့် သာသနာ့ ပညာရှင်များ အဖွဲ့ချူပ်တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တယောက် ဖြစ်ပြီး မြန်မာနိုင်ငံရှိ အခြားသော အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းအားလုံး နီးပါး နှင့် မွတ်စလင်မ်အများစု အထူးရိုသေ ကိုင်းရှိုင်းမှုကို ခံရသူ ထိပ်တန်း ဘာသာရေး ပညာရှင်ကြီး တစ်ဦးလည်းဖြစ်ပါသည်။
.
ထိုအပြင် ကိုးကွယ်ရာ အရှင်ကို အမြဲနှလုံးသွင်းကာ နာမ်ပိုင်းရေးရာ သန့်စင်ခြင်းနှင် ကိုယ်ကျင့်တရားကောင်းမွန်ရေးတို့ အတွက် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များကို လမ်းညွှန်ခြင်းကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
.
ဆရာကြီးမှာ အစ္စလာမ့်သာသနာ ပညာထူးချွန်မှုနှင့် ကိုယ်ကျင့်တရား ကောင်းမွန်မှုတို့တွင် အထူးပင် ဂုဏ်သတင်း ကျော်ဇော သူတစ်ယောက်ဖြစ်ပြီး အစ္စလာမ်ဘာသာဝင် မဟုတ်သူများက လေးစားကြည်ညိုကြသည်။
.
၎င်း ပညာပို့ချခဲ့သည့် တပည့်များစွာ မြန်မာနိုင်ငံ အနှံအပြားတွင်သာမက ကမ္ဘာနိုင်ငံများမှာလည်း ရှိကြောင်း သိရပါသည်။
.
ဒေါ်ဇိုင်နဗ်ဘီ (ကွယ်လွန်) နှင့် အိမ်ထောင်ကျခဲ့ပြီး သား ၄ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ကြောင်းသိရှိရပါသည်။
.
** မနက်ဖြန် (၅-၄-၂၀၁၆) အင်္ဂါနေ့ မနက် (၈း၀၀) နာရီတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ရေဝေး အစ္စလာမ် သုသာန် ဥယျာဉ်တော်၌ ဒဖနာ(သင်္ဂြိုလ်) မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Comments