ဧပြီ ၁၉၊ ၂၀၁၆
M-Media
– ဂျယ်နယ်လစ်ဇင်နယ်ပယ်တွင် ဂုဏ်သိက္ခာကြီးမားသည့် ဆုတစ်ခုဖြစ်သော ပူလစ်ဇာဆုကို AP သတင်းဌာနက ရရှိခဲ့သည်ဟု သိရသည်။
ဆုရရှိသူကို ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး AP သတင်းဌာနက အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းတွင် မသမာမှုများ၊ ကျွန်ပြုလုပ်သားများအကြောင်း စုံစမ်းဖော်ထုတ်ခဲ့မှုအတွက် ထိုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
AP ဂျာနယ်လစ်များဖြစ်သော အက်စ်သာ ထူးစံ၊ မာဂီ မာဆန်၊ ရိုဘင် မက်ဒိုဝဲလ်နှင့် မာသာ မန်ဒိုဇာ၏ ထိုကဲ့သို့ ဖော်ထုတ်မှုကြောင့် မြန်မာနိုင်ငံသားများအပါအ၀င် ကျွန်ပြုခံလုပ်သား ၂၀၀၀ ကျော် လွတ်မြောက်ခဲ့ပြီး တာဝန်ရှိသူ တစ်ဒါဇင်ခန့်ကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ကန်ဒေါ်လာ သန်းချီတန်ဖိုးရှိ မှောင်ခိုငါးဖမ်းနေသာ စက်လှေများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး၊ အမေရိကန်ကလည်း နိုင်ငံအတွင်းရှိ အစားအစာလုပ်ငန်းများအား ကုန်ကြမ်းထောက်ပံ့ပေးမှုအတွင်း ပိုမို ထင်သာမြင်သာရှိစေရေး ဆောင်ရွက်ရန် ဥပဒေတစ်ခုကို ပြဌာန်းခဲ့သည်။
“AP ဂျာနယ်လစ်တွေဟာ အခြားသူတွေကို လွတ်မြောက်စေတဲ့ ရည်မှန်းချက်နှစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ကျွန်းပြုခံနေရသူတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ ငါးဖမ်းလုပ်ငန်းတွေကို တိုင်းကြားနိုင်ခဲ့ကာ ပြဿနာတွေကို ပြေလည်စေခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ ကျွန်ပြုခံလုပ်သားတွေ ဖမ်းဆီးပေးတဲ့ ငါးတွေကို ၀ယ်ယူနေတဲ့ လုပ်ငန်းတွေနဲ့ သိုလှောင်ရုံတွေကို ကွင်းဆက်လိုက်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီကုမ္ပဏီတွေက သူတို့မှာ အပြစ်မရှိဘူးလို့ ငြင်းလို့ မရတော့ပါဘူး” ဟု AP သတင်းဌာန၏ ဒုတိယဥက္ကဌနှင့် အမှုဆောင်ဒါရိုက်တာဖြစ်သူ ကက်သလင်း ကားရိုးလ်က ပြောကြားခဲ့သည်။
Ref: AP
Comments