ဧပြီ ၂၆၊ ၂၀၁၆
M-Media
– ရေနံအား မှီခိုနေရသည့် တိုင်းပြည်၏ စီးပွားရေးကို လာမည့် ၁၄ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုဘက်သို့ တိုးချဲ့ဖြန့်ကျက်မည့် အစီအစဉ်များ ပါဝင်သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု စီမံကိန်း Vision 2030 ကို ဆော်ဒီကတ်ဘိနတ်က သဘောတူခဲ့သည်ဟု သိရသည်။
ဆော်ဒီ ဒုတိယအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ယမန်နေ့ ထုတ်ဖော်ပြောဆိုမှုအတွင်း မိမိတို့နိုင်ငံမှာ ကမ္ဘာ့ဈေးကွက်တွင် အဓိကကျသည့်နိုင်ငံဖြစ်လာရေးအတွက် ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများကို တိုးမြှင့်သုံးစွဲသွားမည်ဟု ဆိုသည်။
ထို့ပြင် နိုင်ငံအတွင်း အိုးအိမ်လိုအပ်ချက်ကို တိုးမြှင့်ဖြည့်ဆည်းပေးရေးအတွက် အိုးအိမ်ဝန်ကြီးဌာနကိုလည်း ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး နိုင်ငံခြားအလုပ်သမားများနှင့် လုပ်ငန်းရှင်များအတွက် Green Card အစီအစဉ်ကိုလည်း လာမည့် ၅ နှစ်အတွင်း စီစဉ်ပေးသွားမည်ဟု ဒုတိယအိမ်ရှေ့မင်းသားက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ Green Card စနစ်ကြောင့် နိုင်ငံခြားသားများမှာ ဆော်ဒီတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်နိုင်ကာ၊ အိမ်ယာဝယ်ယူမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။
ရေနံဈေး အလွန်အမင်း ကျဆင်းမှုကြောင့် ဆော်ဒီမှာ ပြီးခဲ့သည့်နှစ်အတွင်း ၀င်ငွေထွက်ငွေကွာဟာမှု ကန်ဒေါ်လာ ၉၈ ဘီလီယံအထိ ရှိခဲ့ပြီး ယခုနှစ်တွင် ၈၇ ဘီလီယံ ကွာဟမည်ဟု ခန့်မှန်းထားသည်။ နိုင်ငံ၏ အရန်ငွေကြေးမှာလည်း ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၇၄၆ ဘီလီယံရှိရာမှ လက်ရှိတွင် ၆၁၆ ဘီလီယံသာ ရှိတော့သည်။
Ref: Aljazeera
Comments