မေ ၃၊ ၂၀၁၆
M-Media
– အမေရိကန်မှာ ယခုနှစ်အတွင်း လမ်းလျှောက်တတ်စ ကလေးငယ်လေးတွေ သေနတ်နဲ့ ကိုယ့်ကိုယ်ကိုယ် မတော်တဆ ပစ်မိမှု၊ အခြားသူတွေကို ထိမှန်မှုတွေဟာ ပြီးခဲ့နှစ်ကထက်စာရင် ၃၀ ရာခိုင်နှုန်းလောက် ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
ထုတ်ပြန်မှုတွေအရ သေနတ်နဲ့ ဆက်စပ်နေတဲ့ ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုတွေဟာ ပျှမ်းမျှ တစ်ပတ်မှာ တစ်ခုထက်ပိုမို ဖြစ်ပွားနေတယ်ဆိုတာကို တွေ့ရပြီး မနှစ်ကဒီအချိန်မှာ မတော်တဆမှု ၁၈ ခုသာ ရှိခဲ့ပေမယ့် ဒီနှစ်ထဲမှာ ကလေးငယ်များကြောင့်ဖြစ်တဲ့ သေနတ်ထိမှန်မှု အနည်းဆုံး ၂၃ ခု ရှိခဲ့ပါတယ်။
၂၀၁၆ ခုနှစ်ထဲမှာ ကိုယ့်ကိုယ်ကို မတော်တဆ သေနတ်နဲ့ ပစ်မိခဲ့တဲ့ ကလေးငယ် ၁၈ ယောက်မှာ ၉ ယောက်ဟာ ရရှိတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် တခြားလူတွေကို ပစ်ခတ်ခဲ့တာ ငါးကြိမ်ခန့်ရှိပြီး အဲ့ဒီထဲက မတော်တဆမှုနှစ်ခုဟာ လူသေဆုံးစေတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဝါရှင်တန်ပို့စ်သတင်းစာကတော့ လက်ရှိအရေအတွက်ထက် တကယ့်အပြင်မှာ ပိုများနေမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုရင် Everytown for Gun Safety လို့ခေါ်တဲ့ လက်နက်ထိန်းချုပ်မှုထောက်ခံတဲ့အုပ်စုကနေ ဒီနှစ်ထဲမှာ အနည်းဆုံး မတော်တဆမှု ၇၇ ခု တွေ့ရှိခဲ့တယ်လို့ ဆိုထားပြီး အဲ့ဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်တစ်ယောက်က အခြားတစ်ယောက်ကို မတော်တဆ ပစ်ခတ်မိတာမျိုး ပါဝင်နိုင်တာကြောင့်ပါပဲ။
Ref: RT
Comments