မတ် ၉၊ ၂၀၁၆
M-Media
– ဆီးရီးယားပြည်တွင်းစစ်ကြောင့် အတိဒုက္ခရောက်နေသူများကို ကူညီရန်အတွက် ဗြိတိန်နိုင်ငံ၏ အကြီးဆုံး မွတ်စလင်ပရဟိတအဖွဲ့ဖြစ်သော Islamic Relief က ရမ်ဇန်ဥပုသ်လအတွင်း လန်ဒန်ရှိ ဘတ်စ်ကားများတွင် အလ္လာဟ်ရှင်မြတ်အား ချီးမွမ်းထောပနာပြုသည့် စာတမ်းများ ကပ်ထားရေး လှုပ်ရှားမှုကို ပြုလုပ်မည်ဟု သိရသည်။
ယခုလနှောင်းပိုင်း၌ စတင်မည့် အဆိုပါလှုပ်ရှားမှုတွင် “Subhan Allah” (Glory be to God- ကြီးကျယ်မြင့်မြတ်မှုအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက် ဖြစ်ပါ၏) ကဲ့သို့ စာတမ်းများကို လန်ဒန်၊ ဘာမင်ဂမ်၊ မန်ချက်စတာ၊ လက်စတာနှင့် ဘရက်ဖို့တို့တွင် ပြေးဆွဲသော ဘတ်စ်ကားများတွင် ကပ်ထားမည်ဖြစ်သည်။
Islamic Relief အဖွဲ့မှ ခေါင်းဆောင်များကမူ ထိုလှုပ်ရှားမှုမှာ ဇွန်လ ၆ ရက်နေ့တွင် စတင်ရန်ရှိနေသည့် ရမ်ဇန်ဥပုသ်လအတွင်း ရက်ရက်ရောရော လှူဒါန်းရန်နှင့် မွတ်စလင်လူငယ်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုအာရုံစိုက်လာစေရန် တွန်းအားဖြစ်စေမည်ဟု မျှော်လင့်နေသည်။
“တစ်နည်းပြောရရင် ဒါဟာ အခြေအနေပြောင်းလဲတဲ့ လှုပ်ရှားမှုတစ်ခုလို့ ခေါ်နိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ နိုင်ငံတာ အကူအညီပေးရေး ရပ်ဝန်းနဲ့ ဒီနိုင်ငံက မွတ်စလင်လူ့အဖွဲ့အစည်းဝန်းကျင်မှာ ရှိနေတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အခြေအနေတွေကို ကျွန်တော်တို့ ပြောင်းလဲချင်လို့ပါ။ နိုင်ငံတကာအကူအညီတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်း အလွန်အမင်း ဆင်းရဲမွဲတေတဲ့ လူထက်ဝက်လောက်ကို ကူညီပေးခဲ့တယ်။ ဗြိတိန်မွတ်စလင်တွေဟာလည်း အလှူအတန်းရက်ရောတဲ့ လူ့အဖွဲ့အစည်းဖြစ်ပြီး နှစ်စဉ် ရမ်ဇာန်လတိုင်းမှာ ပေါင်သန်း ၁၀၀ လောက်ကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ပေးအပ်နေပါတယ်” ဟု Islamic Relief ၏ ယူကေဆိုင်ရာ ဒါရိုက်တာ အင်မရန်း မဒ်ဒင်းက ပြောကြားခဲ့သည်။
ယူကေတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင် ခန့်မှန်းခြေ ၃ သန်းတွင် ထက်ဝက်ခန့်မှာ လန်ဒန်တွင် နေထိုင်ကြသူများဖြစ်သည်။ လန်ဒန်ရှိ သယ်ယူပို့ဆောင်ရေးယာဉ်များတွင် နိုင်ငံရေးပါတီ သို့မဟုတ် မဲဆွယ်မှုနှင့်ပတ်သက်သည့် ကြေငြာများကို လက်မခံသော်လည်း ဘာသာရေးကြော်ငြာများကိုမူ ပိတ်ပင်ခြင်းမရှိချေ။
Ref: IINA
Comments