မေ ၁၇၊ ၂၀၁၆
M-Media
– လက်စတာအသင်း၏ အောင်မြင်မှုကို အတုယူ၍ လာမည့်လတွင် ပြင်သစ်၌ ပြုလုပ်မည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွင် အောင်မြင်အောင် ဆောင်ရွက်ရန် အင်္ဂလန်အသင်းနည်းပြ ရွိုင်ဟဒ်ဆန်က အသင်းအား တိုက်တွန်းပြောကြားလိုက်သည်။
ဟဒ်ဆန်မှာ ယူရိုပြိုင်ပွဲဝင်မည့် ကစားသမား ၂၆ ဦးစာရင်းကို ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး ပူပူနွေးနွေး ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာမှ တိုက်စစ်မှူး ဂျာမီဗာဒီနှင့် ကွင်းလယ်ကစားသမား ဒရင့်ဝါးတားတို့ ပါဝင်ခဲ့သည်။
ယူရို ၉၆ နောက်ပိုင်း ဆီးမီးဖိုင်နယ်သို့ပင် တက်ရောက်နိုင်ခြင်းမရှိသည့် အင်္ဂလန်မှာ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားသည့် အသင်းများစာရင်း၌ မပါဝင်ဘဲ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ထိုမှတ်တမ်းကို ကျော်ဖြတ်ရန် ဟဒ်ဆန်အား တောင်းဆိုထားသည်။
အသက် ၆၈ နှစ်အရွယ် ဟဒ်ဆန်က ၁၉၉၂၊ ၂၀၀၄ တို့တွင် ဒိန်းမတ်နှင့် ဂရိတို့၏ ယူရိုအောင်ပွဲနှင့် ယခုနှစ် လက်စတာတို့၏ ပရီးမီးယားလိဂ်အောင်ပွဲကို အတုယူရန် တိုက်တွန်းခဲ့သည်။
“အတိတ်ဖြစ်ရပ်တွေကို ကြည့်ရင် ၉၂ မှာ ဘယ်သူမှ ဒိန်းမတ်ကို ဖလားရမယ်လို့ မထင်ခဲ့သလို၊ ဂရိကိုလည်း ယူရိုမှာ ဗိုလ်စွဲလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ပြီးတော့ လက်စတာကိုလည်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ပါဘူး။ လူတိုင်းမှာ ဒီလိုမျှော်လင့်ချက်မျိုးရှိတယ်။ ဒီလိုအိပ်မက်မျိုးရှိတယ်။ လူတိုင်းမှာ “ဘာဖြစ်မလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ” ဆိုတဲ့အတွေးမျိုး ရှိကြပါတယ်။ တကယ်လို့ ကျွန်တော်တို့ ကစားပုံကောင်းမယ်၊ အကောင်းဆုံးကို ဆောင်ရွက်နိုင်မယ်၊ မကြာသေးခင်ကပွဲတွေမှာ ကျွန်တော်တို့ လုပ်နိုင်တဲ့ ကစားပုံမျိုးကို ပြနိုင်မယ်ဆိုရင် ကျွန်တော်တို့ ဘယ်အဆင့်ရောက်မလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ” ဟု ဟဒ်ဆန်က ပြောကြားခဲ့သည်။
Ref: Goal
Comments