မေ ၃၀၊ ၂၀၁၆
M-Media
– နိုင်ငံအတွင်း ဒုက္ခသုက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူ ဒုက္ခသည်များမှာ အန္တရာယ်ရှိသောသူများ မဟုတ်ဘဲ အန္တရာယ်ကျရောက်နေသောသူများသာ ဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီ ဖရန်စစ်က ပြောကြားလိုက်သည်။
စနေနေ့က ကလေးငယ်များနှင့် ဗာတီကန်တွင်တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်ဖြစ်ပြီး မိဘ ၂ ပါး ရေနစ်၍ အသက်ဆုံးရှုံးခဲ့ရသည့် နိုက်ဂျီးရီးယား ဒုက္ခသည်ကလေးငယ်တစ်ဦးကိုလည်း ပုပ်ရဟန်းမင်းကြီးက ပွေ့ဖက် နှစ်သိမ့်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း လစ်ဗျားနှင့် အီတလီအကြား ရေပြင်တွင် ဒုက္ခသည်လှေများ တိမ်းမှောက်မှု တစ်ခုထက်မက ဖြစ်ပွာခဲ့ပြီး လူပေါင်း ၁၄၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ကာ ရာပေါင်းများစွာ သေဆုံးနိုင်ဖွယ် ရှိနေသည်။ သောကြာနေ့အထိ အလောင်း ၄၅ လောင်း ရရှိထားပြီး ထိုအထဲတွင် ၃ ဦးမှာ လသားအရွယ် ကလေးငယ်များဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခဲ့သည့် ကလေးငယ်များမှာ အီတလီတောင်ပိုင်းမှ ကလေးငယ်များဖြစ်ပြီး ဗာတီကန်သို့ ရထားဖြင့်လာရောက်ခဲ့ခြင်းဖြစ်သည်။
ထိုတွေ့ဆုံမှုအတွင်း မြေထဲပင်လယ်တွင် ဒုက္ခသည်များအား ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော စပိန်ကယ်ဆယ်ရေးသမားတစ်ဦးက အမှတ်တရပေးထားသည့် သက်ကယ်အင်္ကျီကိုလည်း ပြသခဲ့သည်။
“သူက ဒီသက်ကယ်အင်္ကျီကို ယူပြီး ကျွန်တော့်ဆီလာတယ်။ ပြီးတော့ ငိုသံပါကြီးနဲ့ “ပင်လယ်ထဲမှာ ကလေးမလေးတစ်ယောက်ကို ကျွန်တော် မကယ်တင်နိုင်ခဲ့ဘူး – ဖာသာ။ မကယ်နိုင်ခဲ့ဘူးဗျာ။ ကျွန်တော်ရခဲ့တာကာ အဲဒီကလေးရဲ့ ဒီသက်ကယ်အင်္ကျီပါပဲ” လို့ ပြောခဲ့ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ပုပ်ရဟန်းမင်းကြီးမှာ ဒုက္ခသည်များ၏ ဒုက္ခသုက္ခများကိုလည်း ထပ်လောင်းပြောကြားခဲ့ပြီး ခနော်ခနဲ့ လှေငယ်များဖြင့် ဒုက္ခသည်ထောင်ပေါင်းများစွာမှာ ၎င်းတို့၏ အသက်ကိုရင်းကာ ဥရောပသို့ လာရောက်နေကြသည်ဟုလည်း ဖရန်စစ်က ထပ်လောင်းပြောကြားခဲ့သည်။
Ref : Aljazeera
Comments