စက်တင်ဘာ၊ ၁၁ ၊ ၂၀၁၂
M-Media
ရန်ကုန်။ ။၂၀၁၂ ခုနှစ် ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာမြို့သို့ ဟဂ်ျ ခရီးစဉ်သွားရောက်မည့် မြန်မာမွတ်စလင်များ အတွက် ဝန်ဆောင်မှုပြုလုပ်ပေးမည့် ကုမ္ပဏီများ၏ စာရင်းကို ဆော်ဒီသံရုံးမှ မြန်မာနိုင်ငံ ဟဂ်ျအဖွဲ့သို့ (၁၁.၉.၂၀၁၂) တွင် အကြောင်းကြားခဲ့ကြောင်း အစ္စလာမ်သာသနာရေးရာ ကောင်စီရဲ့ တရားဝင် FaceBook စာမျက်နှာ ဖော်ပြချက်အရသိရှိရပါတယ်။
အဆိုပါ ကြေငြာချက်ကို သြဂုတ်လ ၂၇တွင် ပြုလုပ်ခဲ့သော ဟာဂ်ျဦးဆောင်ကိုယ်စားလှယ် အစည်း အဝေးတွင် သာသနာရေးဝန်ကြီးဌာနမှ သဘောတူရွေးချယ်ပေးထားသည့် ဟဂ်ျကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး မှ မောင်လာနာ မုဟမ္မဒ် ယူစွတ်ဖ် (ခ)ဦးသိန်းမြင့် မှ လက်မှတ်ထိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲတဲ့ သြဂုတ်လ ၆ ရက်နေ့က ဟဂ်ျခရီးစဉ်တွင် ဦးဆောင်လုပ်ပိုင်ခွင့်ကို အကျိုးအမြတ်မယူမည့် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ ဖွဲ့အား လုပ်ပိုင်ခွင့်ပေးရန်၊ အစိုးရနှင့် ပနံသင့်သည့် စီးပွားရေးလုပ်ငန်းရှင်အချို့ကသာ နှစ်ပေါင်းများစွာ လုပ်ပိုင်ခွင့်ရရှိခြင်းကို ရပ်တန့်ပေးရန်အတွက် တရားမျှတမှုကိုလိုလားသော မြန်မာမွတ်စလင်မ်အချို့ သာသနာရေးဦးစီးဌာန ရုံးရှေ့ စုရုံး ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။
အစ္စလာဘာသာဝင် မြန်မာမွတ်စလင်မ်များမှာ ဟဂ်ျခရီးစဉ်တွင် သာသနာရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် တာဝန်မဲ့ ဝန်ဆောင်မှုကုမ္ပဏီများကြောင်း ယခင်နှစ်များအတွင်း အခက်အခဲ့များစွာကြုံရပြီး စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ ယမန်နှစ် ၂၀၁၁ ခုနှစ်တွင် ဟာ့ဂ်ျခရီးစဉ် သွားရောက်မည့် မြန်မာမွတ်စလင်မ် ဟဂ်ျခရီးသည် ၁၂၀၀ခန့်သည် တာဝန်မဲ့ ဟဂ်ျလုပ်ငန်း အေးဂျင့်များကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သောင်တင်ခဲ့ကြပြီး ခရီးစဉ်ပျက်ပြယ်ကာ ငွေကြေး မြောက်မြားစွာ ဆုံးရှုံး နစ်နာခဲ့ရသည်။
Comments