ဇွန် ၄၊ ၂၀၁၆
M-Media
– နိုင်ငံတစ်ဝှမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးကာ လူသေဆုံးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်နိုင်ငံက သဘာဝဘေးအန္တရာယ်ကျရောက်သည့် အရေးပေါ်အခြေအနေ ကြေငြာလိုက်သည်ဟု သိရသည်။
မြို့တော်ပဲရစ်ရှိ Seine မြစ်၏ ကမ်းထိန်းနံရံများ ကျိုးကာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ထောင်နှင့်ချီသော ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီးနောက် ပြင်သစ်သမ္မတ ဖရန်ကိုအစ် အော်လွန်းက ယမန်နေ့တွင် ထိုကဲ့သို့ အရေးပေါ်အခြေအနေ ကြေငြာခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ရေကြီးရေလျှံမှုမှာ ၃၅ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်သည်။
ပဲရစ်မြို့တော်ဝန် အန်နီ ဟီဒါလ်ဂိုကမူ ပန်းခြံအချို့ကို ပိတ်သိန်းရန်နှင့် အားကစားခန်းမများကို အိမ်ယာမဲ့များအတွက် နေရာထိုင်ခင်းပေးရန် အမိန့်ပေးခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနကမူ ပြည်သူ ၂ သောင်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်ဟု ပြောကြားခဲ့သည်။
ဂျာမနီနှင့် ပြင်သစ်အပါအ၀င် ဥရောပတစ်ဝှမ်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၇ ဦးရှိလာပြီဖြစ်ပြီး ထိုအထဲမှ ၁၀ ဦးမှာ ဂျာမနီတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
Ref: Aljazeera
Comments