ဇွန် ၁၄ ၊ ၂၀၁၆
M-Media
မေးမြန်းသူ-သီဟ
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ က ထုတ်ပြန်ပေးခဲ့ပါတယ်။
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၆၃၆,၂၃၇) ဦးရှိပြီး (၁၉၀,၃၈၈) ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၂၉.၉၂) % ရှိခဲ့တယ်လို့ သိရပါတယ်။ အောင်မြင်သူများ အနက် အထက(၂) ဗန်းမော် နှင့် ရန်ကုန်မြို့ အောင်အကယ်ဒမီကိုယ်ပိုင် စာသင်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အမှတ်ပေါင်း (၅၄၈) မှတ်ရရှိပြီး ဘာသာစုံ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ မောင် မျိုးမင်းသိန်းကို M-Media မှ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
M-Media- ညီလေးရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ မိဘများ နဲ့ နေရပ်ဇာတိလေး မိတ်ဆက်ပေးပါအုံး။
ဖြေ- နာမည်က မောင်မျိုးမင်းသိန်းပါ။ ၁၀-၂-၂၀၀၀ မှာ မွေးပါတယ်။ အဖေက ဦးလှသိန်း အမေကဒေါ်ရီရီချစ်ပါ ၊ မိဘ နှစ်ပါးစလုံးက အငြိမ်းစား ကျောင်းဆရာ/ဆရာမတွေပါ။ ဇာတိက ကချင်ပြည်နယ်ဗန်းမော်မြို့ ဖြစ်ပါတယ်။
M-Media- ဂုဏ်ထူး (၆)ဘာသာ ထွက်အောင် အခြေခံ ခိုင်အောင် ဘယ်အချိန်ကတည်းက စပြီး ကြိုးစားခဲ့ရသလဲ ညီလေး အတွေ့အကြုံကို ပြောပြပါ။
ဖြေ- ငယ်ငယ်ကတည်းကကြိုးစားခဲ့ပါတယ်။ အထူးသဖြင့်၆တန်းလောက်ကစပြီး ရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ့ ဇွဲရှိရှိကြိုးစားခဲ့ပါတယ်
M-Media- ဘာသာစုံ ဂုဏ်ထူးထွက်အောင် ဘယ်လိုပုံစံ စာကျယ်ခဲ့သလဲဆိုတာ မျိုးဆက်သစ်တွေကို မျှဝေပေးပါအုံး။
ဖြေ- အဓိကတော့ စာကို သူအချိန်နဲ့ သူကျက်ပါတယ်။ နှစ်စကတည်းက ၆ ဘာသာ ဂုဏ်ထူးမှန်းထားတယ်ဆိုတော့ နှစ်ကတည်းက အချိန်ကို သေချာသတ်မှတ်တယ်။ သေချာ ပိုင်းခြားတယ်။ တပတ်စာ၊ တလစာ Time Tables တွေဆွဲပါတယ်။ revision အတွက်
Schedule တွေ ဆွဲပါတယ်။ စားချိန်၊ အိပ်ချိန်၊ စာကျက်ချိန်ကို သေချာ ပိုင်းခြားပြီး သတ်မှတ်ခဲ့ပါတယ်။
M-Media- အနာဂတ် ရည်မှန်းချက်က ဘာလဲ။
ဖြေ- အနာဂတ်ရည်မှန်းချက်က ဆရာဝန်တယောက်ဖြစ်ဖို့ပါ။ ဆရာဝန်တယောက်ဖြစ်ဖို့ ဆိုတာထပ် Professional ဆရာဝန် တယောက်ဖြစ်ဖို့ပါ။
M-Media-ငယ်စဉ်ကနေ အတန်းစဉ်အလိုက် ရရှိခဲ့တဲ့ ထူးချွန်ဆုတွေရှိလား?၊
ဖြေ- အထက(၂) ဗန်းမော်ကျောင်းကနေ ၇ တန်းမှာ ပဉ္စမ ဆု ရပါတယ်။ ၈ တန်းမှာ ဆဌမ ဆုရပါတယ်။ ၉ တန်းမှာတော့ တမြို့နယ်လုံးမှာ ပထမဆုရပါတယ်။
M-Media-အခုလို ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်တဲ့အတွက် ဘယ်လိုပီတိမျိုးကိုခံစားရပါသလဲ။
ဖြေ- အရမ်းကို ပျော်ပါတယ်။ အဓိက ကတော့ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။ နောက်ပြိးကတော့ ကျနော် ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်လို့ ပျော်နေတဲ့ မိဘတွေ ကို တွေ့ရလို့ အရမ်းပဲ ပီတိ ဖြစ်မိပါတယ်။
M-Media- လက်ရှိ မြန်မာ့ ပညာရေး စနစ်ကို ဘယ်လိုဝေဖန် အကြံပြု ပြောကြားလိုပါသလဲ။
ဖြေ- အခု အစိုးရအသစ်တက်ပြီးနောက်ပိုင်း သူငယ်တန်းက စ ပြောင်းလဲပြီးလုပ်နေတာဖြစ်လို့ Next Generation အတွက်ကောင်းပါတယ်။ နောက်ပြီး ၁၀ တန်းကျောင်းသားတွေ အတွက်လဲ ဒီနှစ်တော့ မပါဘူး။ နောက်နှစ်တွေက စပြီး တက္ကသိုလ်တွေမှာ အမှတ်နဲ့ ခွဲတာ မဟုတ်ဘဲ ဝင်ခွင့်ဖြေပြီး တက်ရောက်နိုင်မှာ ဖြစ်လို့ အရမ်းကိုကောင်းပါတယ်။
M-Media-ထူးချွန်လူငယ်တယောက်အနေနဲ့ အနာဂတ်မှာ တိုင်းပြည်တိုးတက်အောင် ဘယ်လို့ အခန်းကဏ္ဍကနေ ပါဝင်ပေးဆပ်ဖို့ စိတ်ကူးပါသလဲ။
ဖြေ- တိုင်းပြည်တပြည်တိုးတက်ဖို့အတွက်က စီးပွားရေး၊ ကျန်းမာရေး ၊ စည်းလုံး ညီညွတ်ဖို့ အားလုံးလိုအပ်ပါတယ်။ ကျနော်ရည်မှန်းချက်က ဆရာဝန်ယောက် ဖြစ်ဖို့ ဆိုတော့ ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားပါ့မယ်။ ပညာတတ်လူငယ်တွေ အများကြီးပေါ်ထွန်း လာစေချင်ပါတယ်။
M-Media- မွတ်စလင်မ် လူငယ်တယောက်အနေနဲ့ Community အတွက်ရော ဘယ်လိုအကျိုးပြုအလုပ်တွေ လုပ်သွားမယ်လို့စဉ်းစားထားပါသလဲ။
ဖြေ- ကိုယ်ကျွမ်းကျင်ရာ လိမ္မာရာ အတတ်ပညာနဲ့ Community အတွက် လုပ်ပေးသွားမယ်လို့ စဉ်းစားထားပါတယ်။ မျိုးဆက်သစ်တွေအတွက်လဲ တတ်နိုင်သလောက်ကူညီပေးသွားပါ့မယ်။
M-Media- ဖြည့်စွက်ပြောချင်တာလေးရှိပါသလား။
ဖြေ- ရည်မှန်းချက်ရှိသူအားလုံး သေချာကြိုးစားစေချင်ပါတယ်။ ကြိုးစားတဲ့နေရာမှ စိတ်ဓါတ်ကျနိုင်တဲ့ အခြေအနေ အမျိုးမျိုး ကြုံရနိုင်ပါတယ်။ အဲလို အခြေအနေမှာ လည်း စိတ်ဓါတ်မကျဘဲ တင်းထားစေချင်ပါတယ်။ နောက်ပြီး မိမိတို့ ကိုးကွယ်ရာ အလိုက် ဘုရား၊တရား အမြဲသတိရကျစေချင်ပါတယ်။
M-Media – အခု လို ဖြေကြားပေးတဲ့ ညီလေး မျိုးမင်းသိန်းကို M-Media က အထူးပဲ ကျေးဇူးတင်ပါတယ်။
ဖြေ-ဟုတ်ကဲ့ ကျနော်လဲ ကျေးဇူးတင်ပါတယ်။
Comments