ဇွန် ၂၈၊ ၂၀၁၆
M-Media
– လူငယ်များအား IS အကြမ်းဖက်အဖွဲ့မှ သွေးဆောင်ဖျားယောင်းနေမှုအပေါ် အသိပညာပေးရေး လှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်ရန် ဆော်ဒီ ပညာရေးကျွမ်းကျင်သူများက ယမန်နေ့တွင် တိုက်တွန်းဆော်သြလိုက်ပြီး IS ၏ လူငယ်များအပေါ် ငြိမ်းခြောက်မှုမှာ မူးယစ်ဆေးဝါးထက် ပိုဆိုးသည်ဟု ပြောကြားလိုက်သည်။
ဆော်ဒီအာရေဗျတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း IS ၏ သွေးဆောင်မှုကို ခံရသော အမြွှာညီအစ်ကို ၂ ဦးက ၎င်းတို့၏ မိသားစုအား ဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် IS အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုကို တန်ပြန်တိုက်ဖျက်ရာတွင် ပိုမိုအားထုတ်ကြိုးပမ်းရန် တိုက်တွန်းမှုများ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့သည်။
ထိုတိုက်ခိုက်မှုအတွင်း မိခင်ဖြစ်သူမှာ သေဆုံးခဲ့ကာ ဖခင်နှင့် ညီအစ်ကိုတစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ဆော်ဒီပညာရေးကျွမ်းကျင်သူများကမူ စာသင်ကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဗေဒဆိုင်ရာ ဆရာများ ပိုမိုခန့်ထားရန် တိုက်တွန်းခဲ့သည်။
“အကြမ်းဖက်ဝါဒနဲ့ လူသတ်မှုတွေကြောင့် လုံခြုံမှုနဲ့ ငြိမ်းချမ်းမှုတို့ကို ပျက်သုဉ်းစေတဲ့ လမ်းမှားတဲ့ အပြုအမူတွေကို ကျွန်တော်တို့ မဖြစ်မနေ ဖြေရှင်းရပါတော့မယ်” ဟု စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ဖြစ်သူ ဆအဒ် ဖာလာယန် အလ်မီဒစ်သ်က ပြောကြားခဲ့သည်။
ပညာရေးကဏ္ဍတွင် စိတ်ပညာ၊ လူမှုဗေဒနှင့် လူမှုဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်သူများ နည်းပါးနေခြင်းက လူငယ်များ လမ်းမှားရောက်နေသည့် အဓိကအကြောင်းအရင်းဖြစ်သည်ဟု ပညာရေး ကျွမ်းကျင်သူများက ဆိုသည်။
ကျောင်းသားများအား အသိပညာပေးရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် အကွီလ် အလ်-ဘာကွာဝီက
“IS အဖွဲ့ရဲ့ ရာဇ၀တ်မှုတွေကို ကျွန်တော်တို့ ကြားနေရပြီး အဲဒါတွေကလည်း ကျွန်တော်တို့ရဲ့ ကလေးတွေအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။ ကျွန်တော်တို့ စုစုစည်စည်းနဲ့ တုန့်ပြန်ရမှာပါ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် အမြွှာညီအစ်ကို ၂ ဦး ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုက ကလေးငယ်များ၏ စိတ်ဓာတ်ကို အဆိပ်ခတ်နေသော IS အဖွဲ့အား ထိထိရောက်ရောက်တုန့်ပြန်ရန် ဆော်သြမှုတစ်ခုဖြစ်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“ဒီကောင်တွေဟာ မူးယစ်ဆေးဝါးထက်ကို ပိုပြီးကြောက်ဖို့ကောင်းပါတယ်”
စာသင်ကျောင်းများတွင် စိတ်ပညာဆိုင်ရာနှင့် လူမှုဗေဒဆိုင်ရာ ကျွမ်းကျင်သူများ ပိုမိုခန့်ထားရေးနှင့် ကျောင်းသားများ၏ တစ်ကိုယ်ရေ တိုးတက်မှုကို လေ့လာစောင့်ကြည့်ရေး ကိစ္စများကို ဆောင်ရွက်ရန်လည်း ၎င်းက ထည့်သွင်းတိုက်တွန်းခဲ့သည်။
စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်သူ ဆအဒ် ဖာလာယန် အလ်မီဒစ်သ်က
“အခုအချိန်မှာ ကျွန်တော်တို့ကလေးတွေဟာ အမှောင်ထုထဲကို ရောက်နေပါပြီး။ ဒါဟာ ကျွန်တော်တို့ အစ္စလာမ်သာသနာရဲ့ သင်ကြားမှု၊ တန်ဖိုးတွေနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။ ကျွန်တော်တို့သာသာနာဟာ ဂုဏ်သိက္ခာ၊ သနားကြင်နာမှု၊ လူထု စည်းလုံးညီညွတ်မှုနဲ့ တည်ဆောက်ထားတာပါ။။ ဒီလို လမ်းမှားနေတဲ့အပြုအမူတွေကို ကျွန်တော်တို့ တိုက်ထုတ်ရမှာဖြစ်ပြီး သည်းခံမှု၊ သနားကြင်နာမှုကို အခြေခံတဲ့ ကျွန်တော်တို့ရဲ့ တုန့်ပြန်မှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့လည်း စဉ်းစားရပါမယ်။ ပြီးတော့ ကလေးတွေရဲ့စိတ်ထဲမှာ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ သစ္စာစောင့်သိမှုကိုလည်း သွတ်သွင်းပေးရပါလိမ့်မယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
Ref: IINA
Comments