ဇွန် ၂၉၊ ၂၀၁၆
M-Media
– ဥရောပသမဂ္ဂမှ ထွက်မည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ယူကေတွင် လူနည်းစုများနှင့် နိုင်ငံခြားသားများအပေါ် လူမျိုးရေးခွဲခြားစော်ကားမှုများ မြင့်တက်လာသည့်အတွက် စိုးရိမ်မိသည်ဟု ကုလသမဂ္ဂက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇီအစ် ရာအဒ် အလ်-ဟူစိန်က ပြောကြားလိုက်သည်။
ယမန်နေ့က ပြောကြားလိုက်ခြင်းဖြစ်ပြီး လူမျိုးရေးခွဲခြားမှုနှင့် နိုင်ငံခြားသားကြောက်ရောဂါတို့ကို မည်သည့်အခြေအနေမျိုးတွင်မှ လက်မခံဟု ဆိုသည်။
“ဒီလိုနိုင်ငံခြားသားကြောက် တိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ လူမျိုးရေးခွဲခြားမှုနဲ့ နိုင်ငံခြားသား တိုက်ခိုက်မှုတွေအတွက် သံသယရှိသူတွေကို တရားစွဲဆိုရေး ဆောင်ရွက်ဖို့ ယူကေအာဏာပိုင်တွေကို ကျွန်တော် တိုက်တွန်းလိုက်ပါတယ်။ ခွဲခြားဆက်ဆံမှုတွေ မရှိတဲ့ နေ့ရက်တွေဖြစ်စေဖို့အတွက် ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀က ခွဲခြားဆက်ဆံမှုလုပ်ရပ်တွေကို ကျွန်တော်တို့က ငြိမ်ခံနေလို့ မရပါဘူး” ဟု အလ်ဟူစိန်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲနောက်ပိုင်းတွင် အင်္ဂလန်ရှိ ဥရောပသားများမှ လူဖြူ မဟုတ်သည့် ဗြိတိန်နိုင်ငံသားများအထိ လူနည်းစုများကို တိုက်ရိုက်ပစ်မှတ်ထားသော တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုနှင့် နှင်ထုတ်မှုများမှာ မြင့်တက်လာခဲ့သည်။
Ref: Aljazeera
Comments