ဇူလိုင် ၅ ၊ ၂၀၁၆
M-Media
အစ္စလာမ်သာသနာဝင် ကမ္ဘာ့မွတ်စ်လင်မ်များအဖို့ နှစ်စဉ်နှစ်တိုင်း ဥပုသ်လအပြီး နောက်တစ်ရက်မှာ အာရဗီလို “အီးဒုလ် ဖိသ်ွရ်” လို့ခေါ်တဲ့ ၀ါကျွတ်ပွဲတော်ကို ကျင်းပကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အများအားဖြင့် တစ်ရက်သာ ကျင်းပကြပေမယ့် ၂ ရက် သို့မဟုတ် ၃ ရက်ထိ ပြုလုပ်ကျင်းပတဲ့ နေရာဒေသအချို့လည်း ရှိပါတယ်။
ဒီနေ့ကို အစ်နေ့ သို့မဟုတ် အစ်ကလေး သို့မဟုတ် စမိုင်/ရှမိုင်အစ် လို့ အလွယ်တကူ ခေါ်ဆိုတတ်ကြတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးခြင်း မရှိသော်လည်း လုပ်ငန်းရှင်အများစုကတော့ မွတ်စ်လင်မ်လုပ်သား ၀န်ထမ်းတွေအပေါ် နားလည်မှုပေးပြီး လိုလိုလားလား ခွင့်ရက် ပေးလေ့ရှိကြပါတယ်။ တစ်ချို့ဆိုရင် လစာ မဖြတ်တောက်တဲ့အပြင် မိမိတို့ရဲ့ မွတ်စ်လင်မ်ဝန်ထမ်းများဆီကို အခြားဘာသာဝင် ၀န်ထမ်းများနဲ့အတူ အလုပ်ချိန်မှာပင် တကူးတက အချိန်ယူ သွားရောက်လည်ပတ် အားပေးလေ့ရှိပါတယ်။ သိပ်ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။
မြန်မာနိုင်ငံမှာ တစ်မျိုးတည်းသော ဆုံးဖြတ်ချက် ပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသော အစ္စလာမ့်အဖွဲ့အစည်း ဆိုတာ မရှိတာကြောင့် အီးဒ်နေ့ သို့မဟုတ် ရမဿွာန်(ဥပုသ်ဆောက်တည်ရတဲ့လ) အစပြုရက်အတွက် လမြင်ခြင်း/မမြင်ခြင်းနဲ့ပတ်သက်ပြီး တညီတညွတ်တည်းဖြစ်ဖို့ ရံဖန်ရံခါ ခဲယဉ်းတတ်ပါတယ်။ ဒါကြောင့်လည်း မြို့ငယ်လေးဖြစ်စေ၊ ကျေးရွာမှာပင်ဖြစ်စေ အီးဒ်နေ့ စတင်ကျင်းပတဲ့နေ့က ကွဲပြားနေရခြင်း ဖြစ်ပါတယ်။ အိးဒုလ် ဖိသ်ွရ် နေ့မြတ်ကို အစဉ်အဆက် အစိုးရဖက်က အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးဖို့ ခက်ခဲမှုရှိနေတာလည်း ဒီကိစ္စကြောင့် ဖြစ်ပါလိမ့်မယ်။ (အများပြည်သူအားလပ်ရက်ဆိုတာ တင်ကြိုသတ်မှတ်ပေးရတာပါ)။
ဒါပေမယ့်လည်း အစ္စလာမ်ရဲ့ အီးဒ်ပွဲတော်နေ့ ၂ မျိုးအနက် အစ်ကြီးလို့ အလွယ်ခေါ်ကြတဲ့ “အီးဒုလ် အဿွ်ဟာ” နေ့မြတ်ကိုတော့ အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။ အစ္စလာမ့်ပြက္ခဒိန်အရ ဇုလ်ဟိဂ်ျဂျဟ်လ ၁၀ ရက်နေ့မှာ နှစ်စဉ်ကျရောက်တဲ့ ဒီနေ့မှာ မြန်မာနိုင်ငံ မွတ်စ်လင်မ်များအဖို့ ဆင်နွှဲကျင်းပခွင့် ရကြပါတယ်။ ဒီ အီးဒုလ်အဿွ်ဟာ (တစ်နည်း) ကုရ်ဘာနီအစ်နေ့ကို တစ်ရက်တည်းသာ ကျင်းပလေ့ရှိတာက တစ်ကြောင်း၊ လမြင် လကြည့်ကိစ္စကို ဆယ်ရက်အလျင် ပြုလုပ်ပြီး ရက်သတ်မှတ်ထားနိုင်တာက တစ်ကြောင်း၊ ဇုလ်ဟိဂ်ျဂျဟ်လ ၁၀ (သို့) ၁၁ (သို့) ၁၂ ရက် – ၃ ရက်အထိ ပြုလုပ်နိုင်တာကတစ်ကြောင်းကြောင့် မြန်မာအာဏာပိုင်များအတွက် အားလပ်ရက်အဖြစ် ကြေငြာပေးဖို့ လွယ်ကူမှု ရှိပါတယ်။ ဟဂ်ျ ကိစ္စက မွတ်စ်လင်မ်အားလုံးအတွက် ပိုမိုအရေးကြီးတဲ့အတွက် ဆော်ဒီအစိုးရရဲ့သတ်မှတ်ရက်အတိုင်း လိုက်နာကြတာများပါတယ်။
မွတ်စ်လင်မ်များဟာ “သပ်ကဘီရ်” လို့ခေါ်တဲ့ ဖန်ဆင်းရှင်ရဲ့ကြီးမြတ်မှု၊ ဖန်ဆင်းရှင်အပေါ် ချီးမွှမ်းမှု ကို အီးဒ်နေ့ အထိမ်းအမှတ် ၀တ်ပြုမှု မစတင်မီအချိန်ကစပြီး ၃ ရက်တာ တစ်လျှောက်လုံး (ငါးကြိမ် ၀တ်ပြုမှု ပြီးလေတိုင်း) အသံထုတ်ရွတ်ဆို သရဇ္ဈာယ်လေ့ရှိကြပါတယ်။
မြန်မာနိုင်ငံ မွတ်စ်လင်မ်အများစုက စွန္နီမွတ်စ်လင်မ်ဖြစ်ပြီး ဟနဖီဓမ္မသတ်လမ်းကြောင်းအပေါ် လိုက်နာကြသူများ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းအရ အီးဒ်နေ့ အထိမ်းအမှတ် ၀တ်ပြုမှုကို ၀ါဂျိဘ် (ဖန်ဆင်းရှင်ရဲ့အမိန့် မဟုတ်သော်လည်း တမန်တော့်ဓလေ့အရ အရေးပေါ်အကြောင်းထူးမရှိဘဲ မပျက်ကွက်အပ်တဲ့တာဝန်)အဖြစ် သတ်မှတ်ကြပါတယ်။ ၀တ်ပြုမှုကို ၂ ရကအသ်(၂ ကျော့)ကို သပ်ကဘီရ်(လက်မြှောက်ခြင်း) အပိုခြောက်ကြိမ်နဲ့ စုပေါင်း ၀တ်ပြုလေ့ရှိပါတယ်။
ရပ်ကွက်ထဲ မြို့ထဲက ဗလီဝတ်ကျောင်းတော်များမှာ လူမဆန့်တဲ့အခါမျိုးကျရင် မြို့တွင်း သို့မဟုတ် မြို့ပြင်က ကွင်းပြင်တစ်ခုခုမှာ အီးဒ်နေ့ ၀တ်ပြုမှုကို စုပေါင်းဆောင်ရွက်လေ့ရှိပါတယ်။ မလိုလားအပ်တဲ့ အခြားတားမြစ်မှု၊ တင်းကြပ်မှုတွေ ရှိကြပေမယ့် အဓိကရည်ရွယ်ချက်ကတော့ စည်းလွတ်ဘောင်လွတ်ပျော်ရွှင်မှုမျိုး မဖြစ်အောင်၊ အများကို မထိခိုက်စေအောင်၊ ဂုဏ်သိက္ခာနဲ့ မင်္ဂလာရှိအောင် ကန့်သတ်ပေးခြင်းပါ။
မြန်မာနိုင်ငံ မွတ်စ်လင်မ်များအနေနဲ့ ၀ါကျွတ် အီးဒ်ပွဲတော်မှာ ပြုလုပ်ကျွေးမွေးလေ့ရှိတဲ့ စားဖွယ်ရာများကတော့ ဆနွင်းမကင်း၊ ဟာလ၀ါ၊ ဒန်ပေါက်ထမင်း၊ ထောပတ်ထမင်း၊ မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ပန်းသေးခေါက်ဆွဲ၊ လ္ဘက်သုတ်နဲ့ အကြော်စုံ၊ စမူဆာ၊ ကျောက်ကျော၊ မုန့်လက်ဆောင်း၊ စမိုင်/ရှမိုင်၊ အအေးဖျော်ရည်များ အပါအ၀င် ဒေသဆိုင်ရာနဲ့ လူမျိုးစုရိုးရာ အစားအသောက်များဖြစ်ကြပါတယ်။
အီးဒ်နေ့ကာလအတွင်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စလာမ်ဆိုခြင်း(ငြိမ်းချမ်းစေကြောင်း မေတ္တာပို့သခြင်း)၊ အီးဒ် မုဘာရပ်(မင်္ဂလာ အီးဒ်နေ့မြတ်) စကားနဲ့ နှုတ်ခွန်းဆက်ခြင်း ပြုကြပါတယ်။ အီးဒ်နေ့အထိမ်းအမှတ် ၀တ်ပြုမှုအပြီးမှာ အချို့မွတ်စ်လင်မ်အမျိုးသားများက သင်္ချိုင်းကို သွားရောက်ပြီး ကွယ်လွန်သူများကို တွေ့ဆုံဂါရ၀ပြုတာ၊ ကုသိုလ်ပို့တာ၊ ဆုမွန်ကောင်းတောင်းပေးတာမျိုးလည်း ကျင့်မူလေ့ရှိကြပါတယ်။ ၀ါကျွတ်အီးဒ်ပွဲတော်မှာ သက်ကြီးရွယ်အိုဆွေမျိုးသားချင်းတွေကို သွားရောက်တွေ့ဆုံနှုတ်ဆက်တာ၊ စားဖွယ်ရာနဲ့ပစ္စည်းတွေကို လက်ဆောင်သွားပို့တာမျိုးကို အစဉ်အလာတစ်ရပ်အနေနဲ့ ပြုလေ့ရှိပါတယ်။ မွတ်စ်လင်မ်မဟုတ်တဲ့ လုပ်ငန်းရှင်တွေ၊ အာဏာပိုင်တွေကိုပင်လျှင် သွားရောက်ဂါရ၀ပြု နှုတ်ဆက်ပေးကမ်းတာမျိုးလည်း ရှိကြပါတယ်။ မိမိရဲ့မိသားစုဝင်တွေ၊ မိမိလက်အောက်ခံ လုပ်သားဝန်ထမ်းတွေကို အ၀တ်အစားသစ်များ ဆင်ယင်ပေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံ မွတ်စ်လင်မ်တွေဟာ မိမိတို့ရဲ့ရင်သွေးများကိုရော အခြားကလေးငယ်တွေကိုပါ ပျော်ရွှင်အောင် “အီတီ” ခေါ်တဲ့ အီးဒ်နေ့အထိမ်းအမှတ် မုန့်ဖိုးတွေ ပေးတတ်ကြပါတယ်။ ကလေးငယ်တွေကလည်း ဆွေမျိုးတော်စပ်သည်ဖြစ်စေ မတော်စပ်သည်ဖြစ်စေ၊ သိကျွမ်းသူဖြစ်စေ မသိကျွမ်းသူဖြစ်စေ မွတ်စ်လင်မ်အိမ်မှန်သမျှ အုပ်စုလေးဖွဲ့ပြီး သွားရောက်လည်ပတ်စားသောက်လေ့ရှိတယ်။ နည်းများမဟူ ပေးကမ်းတဲ့ အီတီ မုန့်ဖိုးတွေ ရယူလေ့ရှိပါတယ်။ သက်ငယ်ပိုင်းများကလည်း မိမိတို့မိဘ၊ သက်ကြီးရွယ်အိုဆွေမျိုးသားချင်းနဲ့ အိမ်နီးချင်းတွေဆီ သွားရောက်တွေ့ဆုံ စလာမ်ဆို နှုတ်ဆက်ကြပါတယ်။ မိမိတို့အချင်းချင်းအကြား အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းပန်တတ်ကြပါတယ်။ မိမိတို့ဖက်က အချိန်ယူပြီး သွားရောက်လည်ပတ်လေ့ရှိသလို လူမျိုးမရွေး ဘာသာမရွေး မိတ်ဆွေရန်သူမရွေး ဆင်းရဲချမ်းသာ အယုတ်အလတ်အမြတ်မရွေး လာရောက်တွေ့ဆုံလည်ပတ်သူများအတွက်လည်း တံခါးဖွင့်ထားပေးကြပါတယ်။
ဒါဟာ အစ္စလာမ်ဘာသာဝင်များရဲ့ ၀ါကျွတ် အီးဒ်ပွဲတော် မြင်ကွင်းအကျဉ်း ဖြစ်ပါတယ်။ အာရဗီဝေါဟာရ အီးဒ် ရဲ့ အဓိပ္ပာယ်က “ပျော်ရွှင်ခြင်းနေ့” ဖြစ်တဲ့အတိုင်း အစ္စလာမ်ဘာသာဝင်များသာမက မြန်မာပြည်လူထုအပေါင်း ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
××××××××××××
Dr. Ko Ko Gyi’s Burmese Muslims‘ way of celebrating Eid ကို ကိုးကားမှီငြမ်း၍ ဂျူလိုင်ရဲရင့် ရေးသားသည်။
Comments