သြဂုတ် ၉၊ ၂၀၁၆
M-Media
– ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ အမြင့်ဆုံးအဆောက်အဦးဖြစ်သော ကျိုတိုတာဝါတွင် အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုနိုင်ရန်အတွက် ၀တ်ပြုခန်းတစ်ခုကို မကြာသေးမီက ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
၁၉၆၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ကျိုတိုတာဝါမှာ မြို့တွင်းရှိ လှပသော ရှုခင်းများကို ကြည့်ရှုနိုင်ရန် အဓိကထား တည်ဆောက်ထားခြင်းဖြစ်ပြီး ဖွင့်လှစ်ပြီး ပထမဆုံးနှစ်မှာပင် လူပေါင်း ၁ သန်းခန့် လာရောက်လည်ပတ်ခဲ့ကြသည်။
အဆိုပါတာဝန်မှာ စုစုပေါင်း ပေ ၄၃၀ မြင့်ပြီး၊ ၃၂၈ ပေတွင် ရှုခင်းကြည့်နေရာကို ဖန်တီးထားသည်။ ထိပ်ဆုံးအထိ ၉ ထပ်ရှိပြီး ကြယ် ၃ ပွင့်ဟိုတယ်တစ်ခုနှင့် စတိုးဆိုင်ပေါင်း မြောက်များစွာ ပါဝင်သည်။
ယခု မွတ်စလင်ဝတ်ပြုဆောင်ကို တာဝါ၏ အခန်းတစ်ခုတွင် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ၀တ်ပြုသူများ အဆင်ပြေပြေ ကိုယ်လက်သန့်စင်နိုင်ရန်အတွက် နေရာတစ်ခုကိုလည်း ပြုလုပ်ပေးထားသည်။
ဂျပန်နိုင်ငံတွင် မွတ်စလင်လူ့အဖွဲ့အစည်းမှာ တစ်ဖြည်းဖြည်းကြီးထွားလာခဲ့ပြီး အစိုးရကလည်း နိုင်ငံအတွင်း မွတ်စလင်များ အလွယ်တကူဝတ်ပြုနိုင်ရန် ၀တ်ပြုဆောင်များ စီစဉ်ပေးလျက်ရှိနေသည်။
ထို့ပြင် နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များကလည်း ဟာလာလ်အစားအသောက် ၀န်ဆောင်မှုများ ပေးနိုင်ရန်အတွက် ဆောင်ရွက်နေကြသည်။
Ref : islaminjapanmedia
Comments