သြဂုတ် ၂၀၊ ၂၀၁၆
M-Media
– ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲအကြို စစ်တမ်းကောက်ယူမှုတွင် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသည့် ဟီလာရီကလင်တန်က ရီပက်ဘလစ်ကန်ပါတီမှ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ် ထရမ့်ထက် ၈ ရာခိုင်နှုန်း အသာရနေသည်ဟု သိရသည်။
Reuters နှင့် Ipsos တို့မှ ပြုလုပ်သည့် စစ်တမ်းကောက်ယူမှုဖြစ်ပြီး ရလဒ်များကို ယမန်နေ့ညနေပိုင်းက ထုတ်ပြန်ခဲ့ရာ ဟီလာရီကလင်တန်က ထောက်ခံမဲ ၄၂ ရာခိုင်နှုန်း၊ ထရမ့်က ၃၄ ရာခိုင်နှုန်း ရရှိခဲ့ကာ ကျန်သည့် ၂၃ ရာခိုင်နှုန်းကမူ နှစ်ဦးစလုံးကို ပေးခဲ့ကြသည်။
သို့သော်လည်း လေဘာပါတီမှ သမ္မတလောင်း ဂရေးဂျွန်ဆင်၊ ဂရင်းပါတီမှ သမ္မတလောင်း ဂျီလ်စတိန်းတို့ပါ ထည့်တွက်ပါက ဟီလာရီ၏ ထရမ့်အပေါ် အသာရမှုမှာ အနည်းငယ်သာ ရှိနေသည်။ အဆိုပါ စစ်တမ်းကောက်ယူမှုကို သြဂုတ်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရွယ်ရောက်ပြီးသူ ၁၁၁၈ ဦးနှင့် မဲပေးမည့်သူ ၁၁၁၉ ဦးတို့အား မေးမြန်းခဲ့ခြင်းဖြစ်သည်။
Reuters သတင်းဌာနကမူ လွန်ခဲ့သည့် ၄ နှစ် ယခုအချိန်မျိုးတွင် သမ္မတ အိုဘားမားမှာ ရီပက်ဘလစ်ကန်မှ ပြိုင်ဘက် မစ် ရွမ်နေးအား ၂ ရာခိုင်နှုန်းပျော့ပျော့အသာဖြင့် ဦးဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။
Pew Research က ကြာသာပတေးနေ့တွင်ထုတ်ပြန်သည့် အစီရင်ခံစာတွင် အမေရိကန်ပြည်သူ အများစုမှာ ထရမ့်အပေါ် နှစ်မြို့ခြင်း မရှိဘဲ ၅၅ ရာခိုင်နှုန်းကမူ ထရမ့်မှာ ညံ့ဖျင်းသည့် သို့မဟုတ် ဆိုးရွားသည့်သမ္မတ ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့ပြီး ကလင်တန်အတွက်မူ ၄၅ ရာခိုင်နှုန်းက ထိုကဲ့သို့ ပြောကြားခဲ့သည်။
သမ္မတကောင်းဖြစ်မည်ဟု ပြောကြားခဲ့သည့် ရာခိုင်နှုန်းမှာ ကလင်တန်အတွက် ၃၁ ရာခိုင်နှုန်းရှိပြီး ထရမ့်အတွက် ၂၇ ရာခိုင်နှုန်းရှိသည်။
Ref: PressTV
Comments