စက်တင်ဘာ ၆၊ ၂၀၁၆
M-Media
– ဂျပန်အစိုးရ၏ အကြီးတန်းအရာရှိတစ်ဦးမှာ အီရန်နိုင်ငံ တီဟီရန်မြို့သို့ သွားရောက်လည်ပတ်ပြီးနောက် အီရန်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ကိုင်ရန် သဘောတူညီခဲ့သည်ဟု ဂျပန်သတင်းဌာနစ်တစ်ခုဖြစ်သော Kyodo က ဖော်ပြခဲ့သည်။
အီရန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီမှာ စနေနေ့တွင် ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်တာရို ဆိုနူရာနှင့် တီဟီရန်၌ တွေ့ဆုံခဲ့ပြီး အမေရိကန်၏ တားမြစ်ချက်များကို မဖောက်ဖျက်ဘဲ နှစ်နိုင်ငံကြား မည်ကဲ့သို့ ကုန်သွယ်နိုင်မည့်အကြောင်းကို ဆွေးနွေးခဲ့ကြသည်။
“ဒီနေ့တွေ့ဆုံမှုဟာ ကျွန်တော်တို့အတွက် အလွန်ကောင်းတဲ့ တွေ့ဆုံမှုပါပဲ။ အဓိက ကျွန်တော်တို့ ပြောကြတာကတော့ ပိတ်ဆို့မှုရုပ်သိမ်းပြီး နောက်ပိုင်းကာလမှာ စီးပွားရေးနဲ့ ဘဏ္ဍာရေးကိစ္စတွေမှာ ရည်မှန်းချက်တွေ ပြည့်မီဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေ ပြင်ဆင်ဖို့၊ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ဘယ်လိုတိုးချဲ့မလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု အီရန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အီရန်သို့ လာရောက်လည်ပတ်ရန် ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပြီး ထိုအစီအစဉ် ဖြစ်မြောက်ပါက ရှင်ဇိုဘာဘေးမှာ ၃၈ နှစ်အတွင်း အီရန်သို့ ပထမဆုံးသွားရောက်မည့် ဂျပန်ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။
အီရန်နှင့် ကမ္ဘာ့နိုင်ငံများအကြား နျူကလီးယားသဘောတူညီချက် ရရှိပြီးသည့်နောက် အီရန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများတွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန်အတွက် ဖေဖော်ဝါရီလတွင် ဂျပန်က အီရန်အပေါ် ပိတ်ပင်ထားမှုများကို ရုပ်သိမ်းပေးခဲ့သည်။
Ref : Presstv
Comments