စက်တင်ဘာ ၇၊ ၂၀၁၆
M-Media
– ဆီးရီးယားနိုင်ငံတွင် သူပုန်များ ထိန်းချုပ်ထားသော အဲလစ်ပိုမြို့တွင် ကလိုရင်းဓာတ်ငွေ့ အသုံးပြုသည်ဟု ယူဆရသည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပြီး အသက်ရှုကြပ်သည့်ဝေဒနာ ခံစားရသူ ဒါဇင်ပေါင်းများစွာ ရှိနေသည်ဟု ဒေသတွင်း တက်ကြွလှုပ်ရှားသူများနှင့် ဆေးဘက်ဆိုင်ရာ ရင်းမြစ်များက ပြောကြားခဲ့သည်။
မြို့အရှေ့ပိုင်းတွင် ယမန်နေ့က ဆီးရီးယားအစိုးရ၏ ရဟတ်ယာဉ်တစ်စင်းက ကလိုရင်းဓာတ်ငွေ့များပါဝင်သည့် ဗုံးများကို အရပ်သားများနေထိုင်ရာ နေရာများသို့ ကြဲချခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ၁၀၀ ကျော် ရှိနေသည်။
ကယ်ဆယ်ရေးလုပ်သားများကလည်း ဓာတ်ငွေ့ဗုံးများဖြစ်သည်ကို အတည်ပြုခဲ့ပြီး ဆီးရီးယား ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဆီးရီးယား-အမေရိကန် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတို့က ဓာတ်ငွေ့ထိမိသည့် ကလေးငယ်များအား ရေဖြင့်လောင်းပေးကာ အောက်ဆီဂျင်မျက်နှာဖုံး တပ်ပေးရသည့် ဗီဒီယိုများ၊ ဓာတ်ပုံများကို ဆိုရှယ်မီဒီယာများတွင် လွှင့်တင်ခဲ့သည်။
ဆီးရီးယားရှိ အခြေအနေများကို နေ့စဉ် စောင့်ကြည့်နေသည့် ယူကေအခြေစိုက် ဆီးရီးယား စောင့်ကြည့်လေ့လာရေးအဖွဲ့ကမူ ထိုတိုက်ခိုက်မှုအတွင်း လူ ၇၀ ကျော်မှာ အသက်ရှုကြပ်ဝေဒနာကို ခံစားခဲ့ရပြီး ကုသမှု ခံယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera
Comments