စက်တင်ဘာ ၉၊ ၂၀၁၆
M-Media
– မိမိတို့၏ အကြံပေးကော်မတီ၏ တာဝန်မှာ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင် လူ့အဖွဲ့အစည်းနှင့် မွတ်စလင်လူ့အဖွဲ့အစည်းတို့၏ စိုးရိမ်မှုများကို နားလည်အောင် ကြိုးစားသွားရန်ဖြစ်ပြီး လူ့အခွင့်အရေးကို ဆန်းစစ်ရန်မဟုတ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီ၏ ဥက္ကဌဖြစ်သူ မစ္စတာ ကိုဖီအန်နန်က ယနေ့တွင် ပြောကြားလိုက်သည်။
၎င်း၏ ၆ ရက်တာ ခရီးစဉ်ပြီးနောက် ယနေ့မနက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်သူများအားလုံးနှင့်အတူ အကြံပြုသည့် နည်းလမ်းအတိုင်းသာ ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
“ပြဿနာရဲ့ တစ်ဖက်တည်းကိုသာကြည့်ပြီး ပြေငြိမ်းရေး ဆောင်ရွက်မှာ မဟုတ်ပါဘူး”
ယခုသီတင်းပတ်အစောပိုင်းက စစ်တွေမြို့သို့ သွားရောက်ရာတွင် ကိုဖီအန်နန်မှာ ရခိုင် အမျိုးသားရေးဝါဒီများ၏ ဆန္ဒပြမှုကို ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့က ထိုပြဿနာမှာ ပြည်တွင်းရေးဖြစ်သောကြောင့် နိုင်ငံတကာမှ ၀င်ရောက်စွက်ဖက်ခြင်းကို လက်မခံနိုင်ဟု ပြောကြားခဲ့သည်။
မစ္စတာကိုဖီအန်နန်ကမူ မိမိအနေဖြင့် ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အလေးထားပြီး အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုမျိုးဖြင့် ၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်ရန် မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။
“ဒီပြဿနာတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကုလအတွင်းရေးမှူးချုပ်ဟောင်းက ဆိုပြီး မိမိတို့ကော်မရှင်၏ လုပ်ငန်းများတွင် အိမ်နီးချင်းနိုင်ငံများ၏ အကြံအဉာဏ်များကိုလည်း ရယူမည်ဖြစ်ကြောင်း၊ ယခုပြဿနာမှာ နိုင်ငံနယ်နမိတ်ကို ကျော်လွန်သည့်ပြဿနာဖြေစ်သောကြောင့် နိုင်ငံတကာ ပြဿနာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
၎င်း၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ဖိနှိပ်မှုများ ရှိသလားဟု မေးမြန်းရာတွင် မစ္စတာ အန်နန်က ၎င်းအပေါ်တွင် ဖိနှိပ်မှုမရှိဟု ပြန်လည်ဖြေကြားခဲ့သည်။
ခရီးစဉ်အတွင်း ကော်မရှင်အဖွဲ့ဝင်များမှာ နှစ်ဖက်လူ့အဖွဲ့အစည်းမှ ဒုက္ခသည်စခန်းများသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြပြီး ထိုကဲ့သို့ ခဏတာ တွေ့ဆုံမှုက ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မည်မဟုတ်ဟု ပြောကြားမှုကို ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအေးလွင်က ပယ်ချခဲ့သည်။
“အခုဟာက ၂ ရက်ကြာတဲ့ သွားရောက်မှုပါ။ အားလုံးကို သေသေချာချာ စီစဉ်ထားတာပါ။ ဒါ့ကြောင့် ဖိနှပ်မှုတွေ ရှိလား၊ မရှိဘူးလားဆိုတာကို သိဖို့ အချိန်ပေးရပါမယ်” ဟု ဦးအေးလွင်က ပြောကြားခဲ့သည်။
မစ္စတာအန်နန်မှာ သမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
“ဒုက္ခသည်စခန်းတွေနဲ့ ရွာတွေထဲမှာ နေရတဲ့သူတွေက ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ရရေး၊ (အမျိုးသမီးတွေ) အလုပ်လုပ်ခွင့်ရရေး ပြောခဲ့ကြပြီး၊ တစ်ချို့တွေကလည်း သမိုင်းကြောင်းတွေ၊ ရခိုင်ပြည်နယ်သမိုင်းတွေ တော်တော်များများ ပြောခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အထူးသဖြင့် ကော်မရှင်က နိုင်ငံခြားသားတွေအတွက် ပြဿနာရဲ့ နောက်ခံကို နားလည်ဖို့ အရေးကြီးပါတယ်” ဟု ကိုဖီအန်န်က ပြောကြားခဲ့သည်။
ကော်မရှင်အတွက် အမြဲတမ်းရုံးခန်းကို စစ်တွေမြို့တွင် ဖွင့်လှစ်ရန် စီစဉ်နေပြီး ၀န်ထမ်း ၅ ဦးမှ ၁၀ ဦးခန့်နှင့် ဆောင်ရွက်သွားမည်ဟု ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
Ref: mmtimes
Comments