စက်တင်ဘာ ၁၁၊ ၂၀၁၆
M-Media
– ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) ၏ အမှုဆောင်ကော်မတီအဖွဲ့ဝင် ဒေါက်တာ ဟာနန် အက်ရှ်ရာဝီက နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် ပါလက်စတိုင်းနွယ်ဖွားများအနေဖြင့် ပါလက်စတိုင်းနှင့် အဆက်အသွယ်မပြတ်စေရန်၊ ၎င်းတို့၏ ဇာတိမြေနှင့် စီမံကိန်းများ၊ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် တိုက်တွန်းလိုက်သည်ဟု သိရသည်။
အလည်အပတ်ရောက်ရှိနေသည့် ချီလီနိုင်ငံမှ ပါလက်စတိုင်းနွယ်ဖွား စီးပွားရေးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး၊ အစ္စရေးမှာ ပါလက်စတိုင်းများကို ဖျောက်ဖျက်ရန် ကြံစည်နေသည်ဟု ဆိုသည်။
“ပါလက်စတိုင်းတွေရဲ့ အမှတ်သညာကို ဖျောက်ဖျက်ပစ်ဖို့၊ ကျွန်မတို့ရဲ့တိုင်းပြည်၊ သမိုင်း၊ ယဉ်ကျေးမှုနဲ့ ခိုင်မာတဲ့ဆက်နွယ်မှုကို ပျောက်ပျက်စေဖို့ အစ္စရေးကကြိုးစားနေတာကြောင့် ကျွန်မတို့ အမိမြေကနေ ပြောင်းရွှေ့သွားသူတွေ၊ နှင်ထုတ်ခံရတဲ့သူတွေ၊ ဒုက္ခသည်အဖြစ် ခိုလှုံနေရတဲ့သူတွေက ဇာတိမြေကို ပြန်လာပြီး ရင်းနှီးမြှုပ်နှံဖို့ အသင့်ဖြစ်နေတာကို တွေ့ရတာ ကျွန်မအနေနဲ့ အလွန်ပဲ အားတက်မိပါတယ်” ဟု အာက်ရှ်ရာဝီက ရာမာလာမြို့ရှိ သူမ၏ PLO ရုံးခန်း၌ အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ပြောကြားခဲ့သည်။
“ကျွန်မတို့ရဲ့ အခွင့်အရေးတွေကို စွန့်လွှတ်ဖို့ ဒါမှမဟုတ် ဖျောက်ဖျက်ဖို့ ကျွန်မတို့ ခွင့်မပြုပါဘူး။ ရှင်တို့ရဲ့ ပါလက်စတိုင်းကို ပြန်လာခြင်း၊ ဇာတိမြေနဲ့ အဆက်အသွယ် ထားရှိခြင်းဟာ ပါလက်စတိုင်းတွေအနေနဲ့ မိမိတို့ပိုင်နက်နဲ့ သက်ဆိုင်မှု၊ လွပ်လပ်မှု၊ ဂုဏ်သိက္ခာဆိုတဲ့ ကျွန်မတို့ရဲ့ အခွင့်အရေးတွေကို ခိုင်မြဲအောင် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်”
အစ္စရေးက နိုင်ငံတကာဥပဒေများ၊ ပါလက်စတိုင်းတို့၏ အခွင့်အရေးများကို ချိုးဖောက်မှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို စနစ်တကျ ချိုးဖောက်မှုတို့အကြောင်းကိုလည်း အက်ရှ်ရာဝီမှာ အဆိုပါကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။
Ref : IINA
Comments