စက်တင်ဘာ ၁၆၊ ၂၀၁၆
M-Media
– ဂျပန်နိုင်ငံ မြို့တော်တိုကျိုတွင် မကြာသေးမီက ဗလီဝတ်ကျောင်းတော်သစ်တစ်လုံး ပေါ်ထွက်လာခဲ့ပြီး အစ္စလာမ်ဘာသာတရားအကြောင်း၊ ယဉ်ကျေးမှုအကြောင်းနှင့် အစ္စလာမ်ဘာသာကိုးကွယ်သော မွတ်စလင်များ၏ ဘာသာစကားများအကြောင်းကို လေ့လာသင်ယူလိုကြသော ဂျပန်ပြည်သူများအတွက် အလေးထားဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု ဗလီဝတ်ကျောင်းတော်၏ တာဝန်ရှိသူများက ဆိုသည်။
‘အစ္စလာမ့်ယဉ်ကျေးမှုဖလှယ်ရေးစင်တာ’ ဟု အမည်ပေးထားသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ရှီနာဂါဝါရပ်ကွက် ဟီဂါရှိ ဂိုတန်ဒါဒေသတွင်တည်ရှိပြီး ဂျပန်နိုင်ငံရှိ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှ အကြီးဆုံးအသင်းအဖွဲ့ဖြစ်သော ‘ဂျပန်မွတ်စလင်အသင်း’ က တည်ထောင်ခြင်းဖြစ်သည်။
“ဒီစင်တာဟာ မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေကြား တစ်ယောက်နဲ့တစ်ယောက် နားလည်မှု နက်ရှိုင်းစေမယ့် နေရာတစ်ခုဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ၁၉၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဂျပန်မွတ်စလင်အသင်း၏ ဥက္ကဌဖြစ်သူ အသက် ၇၃ နှစ်အရွယ် ကီမီယာကီ တိုကူမာဆူက ပြောကြားခဲ့သည်။
ဗလီဝတ်ကျောင်းတော်၏ ပထမဆုံး သောကြာဝတ်ပြုမှုအဖြစ် စက်တင်ဘာ ၉ ရက်နေ့တွင် စတင်ခဲ့ပြီး ဂျပန်လူမျိုး ရှေ့ဆောင်အီမာမ်က ၀တ်ပြုမှုကို ဦးဆောင်ခဲ့ကာ ၀တ်ပြုရန်လာရောက်သူ ၁၅ ဦး ရှိခဲ့သည်။ ဂျပန်မွတ်စလင်များကတော့ အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ငြိမ်းချမ်းရေးနှင့် သတ္တိတို့ကို ပေးအပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဂျပန်မွတ်စလင်အသင်းတွင် အဖွဲ့ဝင်ပေါင်း ၅၀၀ ခန့်ရှိပြီး ယခင်က တိုကျို ရှီဘူယာရပ်ကွက် ရိုရိုဂျီဒေသရှိ တိုက်ခန်းတစ်ခုကို ၀တ်ပြုဆုတောင်းရာနေရာအဖြစ် အသုံးပြုရသည်။ သို့သော်လည်း သေးငယ်ပြီး ပုံမှန်လာရောက်သူမဟုတ်လျှင် ရှာတွေ့ရန်မလွယ်။
ထို့ကြောင့် ကိုယ်ပိုင်ဗလီဝတ်ကျောင်းတော်တစ်လုံး ရရှိရေးမှာ အဆိုပါအဖွဲ့၏ ၁၀ စုနှစ်တစ်ခု ကြာမြင့်ခဲ့သည့် အိပ်မက်ဖြစ်သည်။ ၂၀၀၃ ခုနှစ် အဖွဲ့၏ နှစ် ၅၀ မြောက် နှစ်ပတ်လည်နေ့တွင် ဗလီဝတ်ကျောင်းတော်ဖြစ်ပေါ်လာရေး ရန်ပုံငွေရှာဖွေမှုကို စတင်ခဲ့သည်။
ယခု ဗလီဝတ်ကျောင်းတော်ပြုလုပ်သည့် ၃ ထပ်အဆောက်အဦးအား ၀ယ်ယူခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် စုစုပေါင်း ယန်း သန်း ၂၄၀ (ကန်ဒေါ်လာ ၂.၃ သန်း) ကုန်ကျခဲ့ပြီး ဂျပန်၊ ဆော်ဒီ၊ တူရကီ၊ ယူအေအီးနှင့် အခြားသောနိုင်ငံများမှ ကောက်ခံရရှိသော အလှူငွေများဖြင့် သုံးစွဲခဲ့လေသည်။
တတိယထပ် ၀တ်ပြုခန်း၏ အတွင်းပိုင်းကို တာ့က်လူမျိုးတစ်ဦးက ဒီဇိုင်း ရေးဆွဲပေးပြီး ရွှေပြားများဖြင့် ခတ်ထားသည့် ဆုတောင်းစာများ ချိတ်ဆွဲထားသည်။
ကမ္ဘာတစ်ဝှမ်းတွင် အစ္စလာမ်ကို အလွဲသုံးစားပြုလုပ်သည့် အကြမ်းဖက်သမားများက တိုက်ခိုက်မှုများ ပြုလုပ်တိုင်း မိမိတို့အား ဖုန်းခေါ်ဆိုကာ နိုင်ငံအတွင်းမှထွက်သွားရန် ပြောကြားမှုများရှိသည်ဟု ဂျန်မွတ်စလင်အသင်းက ဖွင့်ဟခဲ့သည်။
မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအကြား နားလည်မှုကို မြှင့်တင်ရန် မိမိတို့ ဗလီဝတ်ကျောင်းတော်မှာ လူတိုင်းအတွက် တံခါးဖွင့်ထားသည်ဟုလည်း ၎င်းတို့က ဆိုသည်။
ဗလီဝတ်ကျောင်းတော်တွင် တရားဒေသနာများ ဟောကြားရန်အတွက် ဂျပန်မွတ်စလင်အသင်း၏ အဖွဲ့ဝင်များက အလှည့်ကျ တာဝန်ယူသည်။
အောက်တိုဘာလမှစတင်ကာ ထိုဗလီဝတ်ကျောင်းတော်တွင် အာရဘီနှင့် အင်ဒိုနီးရှား ဘာသာစကားများကို သင်ကြားမည်ဖြစ်ပြီး အစ္စလာမ်အကြောင်း မိတ်ဆက်ကိုလည်း အခမဲ့ သင်ပေးသွားရန် ရှိနေသည်။
“သိပ်မကြာတော့တဲ့အနာဂတ်မှာ ဂျပန်ဟာ မွတ်စလင်တိုင်းပြည်တွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ လိုအပ်လာမှာပါ။ အပြန်အလှန် နားလည်မှုနက်ရှိုင်းအောင် ဆောင်ရွက်တာဟာ ဂျပန်အတွက်လည်း ကောင်းမွန်မှာဖြစ်ပါတယ်” ဟု တိုကူမာဆုက ပြောကြားခဲ့သည်။
Ref: Asahi
Comments