စက်တင်ဘာ ၂၀ ၊ ၂၀၁၆
M-Media
သီဟ
.
မြန်မာ စာပေလောကတွင် ပြဇာတ် စာပေအမျိုးအစားဖြင့် ပထမဆုံး အမျိုးသား စာပေဆု ရရှိခဲ့တဲ့ စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင် တယောက် ၁၉-၉-၂၀၁၆ ညနေ ၇ နာရီမှာ ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၉၁) နှစ်ရှိပြီ ဖြစ်ပါတယ်။ ယနေ့ ၂၀-၉-၂၀၁၆ ခုနှစ် မနက် ၁၁း၃၀ တွင် ရေဝေး မွတ်စလင်မ် သုသာန် ဥယျာဉ်တော်၌ အစ္စလာမ်ထုံးစံဖြင့် မြှုပ်နှံသဂြိုဟ် မယ်လို့ သိရပါတယ်။
ကိုယ်ရေးအကျဉ်း
——————
ဦးမောင်မောင်ခင် (ခ)စာရေးဆရာ တက္ကသိုလ်မောင်မောင်ခင်
အမျိုးသားစာပေဆုများရှင်၊ ပခုက္ကူ စာပေ တစ်သက်တာ စာပေဆု ၊ ဝိဇ္ဖာပညာထူးချွန် (ဒုတိယ အဆင့်)၊
ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း) ၊ ရုပ်ရှင်လုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန
.
တက္ကသိုလ်မောင်မောင်ခင် သည် ပြည်ခရိုင်၊ ပန်းတောင်းမြို့ဇာတိဖြစ်သည်။ ဖခင်မှာ အငြိမ်းစားပညာအုပ် ဦးရာကွတ် (ခ) ဦးအောင်ဘွင့်ဖြစ်သည်။ မိခင်မှာ ဒေါ်မမကြီးဖြစ်သည်။ ၁၉၂၈ ခု ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖွားမြင်သည်။ အမည်ရင်း ဦးမောင်မောင်ခင်ဖြစ်သည်။ ၁၉၅၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရသည်။ ၁၉၅၂ တွင် စာပေဗိမာန်မဂ္ဂဇင်း စာတည်းအဖွဲ့တွင် လက်ထောက် စာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ပြန်ကြားရေးဌာနတွင် ဒုတိယ အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ကျောင်းသုံး စာအုပ် ပုံနှိပ်ထုတ်ဝေရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သည်။ ရုပ်ရှင်လုပ်ငန်း ကော်ပိုရေးရှင်းတွင် ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
.
၁၉၆၇ ခုနှစ်တွင် သဇင်မြို့စာညွန့်များ စာအုပ်ဖြင့် အမျိုးသားစာပေဆု၊ စာပဒေသာ တတိယဆု ရသည်။ ၁၉၆၇ ခုနှစ်တွင်ပင် မညီမျှသော ညီမျှခြင်း ဝတ္ထုတိုစာအုပ်ဖြင့် အမျိုးသားစာပေဆု ဝတ္ထုတို ဒုတိယဆုရရှိသည်။ ၂၀ဝ၇ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ၏ အမိန့် ကြော်ငြာစာအမှတ် ၂/၂၀ဝ၇ အရ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) ချီးမြှင့်ခံရသည်။ အကန်တော့ခံ သက်ကြီးစာပေ ပညာရှင် တစ်ဦးဖြစ်သည်။
.
“အဆင်းခက်ခက် အတက်ကြမ်းကြမ်း” ပြဇာတ်စာအုပ်ဖြင့် ရရှိသည်။ အမျိုးသားစာပေဆု သက်တမ်း တစ်လျှောက် ” ပြဇာတ်စာပေဆု” ကို ဦးစွာရရှိသောစာအုပ်ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေး၊ တရားမှန်စီရင်ရေးနှင့် လူတို့၏ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို ဦးတည်ပြုစုထားသည်။ ၁၉၆၉ ခုနှစ်၏ ပြက္ခဒိန် တစ်နှစ်အတွင်း ပုံနှိပ်ထုတ်ဝေသမျှ စာအုပ်များအနက် သက်ဆိုင်ရာ ဘာသာရပ်၊ အမျိုးအစားအလိုက် အကောင်းဆုံး တစ်အုပ်ကို ရွေးချယ်၍ တစ်ဆုတည်းသာ ချီးမြှင့်သည်။ အမျိုးသားစာပေဆု ပုံစံသစ် အကောင်းဆုံး တစ်အုပ်ရွေး စနစ်ဖြင့် ပထမဆုံးရရှိခြင်းဖြစ်သည်။
.
၂၀၁၁ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေတည်ထောင်သော ပခုက္ကူ စာပေဆုများမှ တစ်သက်တာ စာပေဆုကို စာရေးဆရာကြီး ဦးမောင်မောင်ခင် (တက္ကသိုလ် မောင်မောင်ခင်)က ရရှိခဲ့သည်။
.
ကိုးကား- မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ် ၏ ပထမ မြန်မာမွတ်စလင်များ စာအုပ်
ဓါတ်ပုံအညွန်း-၂၀၁၁ ပခုက္ကူ ဦးအုံးဖေ တစ်သက်တာ စာပေဆု လက်ခံရရှိစဉ်က (Photo-EMG)
Comments