စက်တင်ဘာ ၂၁၊ ၂၀၁၆
M-Media
– ကောလိပ်ကျောင်းသားများအနက် အင်တာနက်စွဲလမ်းခြင်းက အခြားသော စိတ်ကျန်းမာရေးပြဿနာများ ရှိနေသည်ဆိုသော အချက်ပြမှုဖြစ်သည်ဟု ကနေဒါနိုင်ငံက ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ သိရသည်။
သုတေသီများမှာ အွန်တာရီယိုမြို့ရှိ McMaster တက္ကသိုလ်မှ ကျောင်းသား ၂၅၄ ယောက်ကို လေ့လာခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်က တီထွင်ခဲ့သော အင်တာနက်စွဲလမ်းမှုစစ်ဆေးသည့် ကိရိယာ (IAT) အပြင် ၎င်းတို့၏ ကိုယ်ပိုင် တိုင်းတာမှု နည်းလမ်းများကိုလည်း အသုံးပြုခဲ့ကြသည်။
စောင့်ကြည့်မှုနည်းလမ်းအသစ်အရ ကျောင်းသား ၃၃ ယောက်မှာ အင်တာနက်စွဲလမ်းမှုရောဂါရနေပြီး ကျောင်းသား ၁၀၇ ယောက်သည် ဆိုးဆိုးရွားရွား အင်တာနက်စွဲလမ်းနေသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ကို တွေ့ရှိခဲ့ရသည်။
ဒေါက်တာ ဗန် အမေရီဂျင်ခေါင်းဆောင်သော အဆိုပါ လေ့လာမှုအဖွဲ့က ကျောင်းသားများ၏ စိတ်လိုက်မာန်ပါဖြစ်ခြင်း၊ စိတ်ကျခြင်း၊ ကြောင့်ကျခြင်းနှင့် စိတ်ဖိစီးမှု စသည့် စိတ်ရောဂါလက္ခဏာများကို လေ့လာခဲ့ပြီးနောက် အင်တာနက်စွဲလမ်းသူများမှာ ၎င်းတို့၏ နေ့စဉ်ဘ၀ စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့် ကိစ္စများတွင် ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း၊ စီမံကိန်းရေးဆွဲမှုနှင့် စီမံခန့်ခွဲမှုတို့တွင်လည်း ပြဿနာများ ဖြစ်တတ်ကြောင်း တွေ့ရှိခဲ့ရသည်။
“အင်တာနက်ကို အလွန်အကျွံသုံးစွဲတာဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ပြင်းထန်မှု၊ လျော့နည်းမှုကို အသွင်ပြောင်း ပုံဖျက်ပေးနိုင်တဲ့ အခြေအနေပါ။ ပြီးတော့ စိတ်တိုတတ်တဲ့ အပြုအမူနဲ့ စိတ်စွဲလမ်းခြင်းတွေနဲ့လည်း စက်ဆပ်မှု ရှိနေပါတယ်” ဟု ဒေါက်တာ ဂျန် ဘူအစ်တလာက ပြောကြားခဲ့သည်။
ယခုလေ့လာမှုမှာ အင်တာနက်အသုံးပြုမှုနှင့် စိတ်ကျန်းမာရေးတို့အကြား ဆက်နွယ်မှုကိုသာ တွေ့ရှိခဲ့ပြီး အသေးစိတ်သိရှိရန်အတွက် ထပ်မံလေ့လာမှုများ လိုအပ်နေသည်။ သို့သော်လည်း စိတ်ကျန်းမာရေး ဆရာဝန်များအတွက် လူနာများအား ချဉ်းကပ်မှုနည်းလမ်းအသစ်ကို ပေးအပ်နိုင်မည်ဖြစ်သည်။
Ref : IINA
Comments