စက်တင်ဘာ ၂၃၊ ၂၀၁၆
M-Media
– ကာလကြာရှည်စွာ ညှိနှိုင်းဆွေးနွေးပြီးနောက် အာဖဂန်နစ္စတန်အစိုးရမှာ စစ်သွေးကြွအဖွဲ့တစ်ခုနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး သမိုင်းဝင် ငြိမ်းချမ်းရေးဆောင်ရွက်မှုလည်း ဖြစ်ခဲ့သည်။
တာလီဘန်အဖွဲ့ပြီးနောက် နိုင်ငံတွင် ဒုတိယအကြီးဆုံး စစ်သွေးကြွအုပ်စုဖြစ်သော Hizb-i-Islami အဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီခဲ့ခြင်းဖြစ်ပြီး အဖွဲ့ခေါင်းဆောင် ဂူလ်ဘူဒင် ဟက်မတ္တယာကို နိုင်ငံရေးလောကထဲသို့ ၀င်ရောက်လာစေရန် လမ်းဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
“အာဖဂန်အစိုးရရဲ့ High Peace Concil (HPC) နဲ့ Hizb-i-Islami အုပ်စုကြား ၂ နှစ်ကြာ ဆွေးနွေးညှိနှိုင်းပြီးမှ ကျွန်မတို့ အခုလို သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးတွေအားလုံး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ” ဟု HPC ဒုတိယအကြီးအကဲ ဟာဘီဘာ ဆိုရာဘီက ကဘူးလ်မြို့တွင် ယမန်နေ့ကပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။
အဆိုပါစာချုပ်ကို လုပ်ထုံးလုပ်နည်းအတိုင်း အာဖဂန်သမ္မတ အက်ရှရက်ဖ် ဂါနီနှင့် အသက် ၆၉ နှစ်အရွယ် ဂူလ်ဘူဒင် ဟက်မတ္တယာတို့က လက်မှတ်ရေးထိုးရမည် ဖြစ်သည်။ ယင်းကဲ့သို့ဆောင်ရွက်ရန် အစိုးရဘက်ကသော်လည်းကောင်း၊ လက်နက်ကိုင်အဖွဲ့ဘက်ကသော်လည်းကောင်း အချိန်စာရင်း ထုတ်ပြန်ခြင်း မရှိသေးချေ။
၁၉၈၀ ပြည့်နှစ်များက ဆိုဗီယက်၏ ကျူးကျော်မှုကို အာဖန်က ပျောက်ကြားစစ်ဖြင့် တိုက်ခိုက်ရာတွင် တပ်မှူးဖြစ်ခဲ့သော ဂူလ်ဘူဒင် ဟက်မတ္တယာမှာ ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အတွင်း ကဘူးလ်မြို့၌ လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့သော စစ်သွေးကြွအဖွဲ့တစ်ခုကို ဦးဆောင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
ထို့နာက် ၂၀၀၁ ခုနှစ် World Trade Center အား တာလီဘန်တို့ အကြမ်းဖက်မှုနောက်ပိုင်းအလ်ကိုင်းဒါး၊ တာလီဘန်တို့နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ဂူလ်ဘူဒင် ဟက်မတ္တယာကို အမေရိကန်က အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့သောကြာင့် ၎င်းမှာ တိမ်းရှောင်နေခဲ့ရသည်။
ယခုကဲ့သို့ ဂူလ်ဘူဒင် ဟက်မတ္တယာ ဦးဆောင်သည့် စစ်သွေးကြွအဖွဲ့နှင့် ငြိမ်းချမ်းရေး ရယူနိုင်မှုမှာ အာဖဂန်အစိုးရ၏ အောင်မြင်မှုတစ်ခုလည်းဖြစ်ပြီး ၎င်းတို့ထက်ပို၍ အင်အားတောင့်တင်းသည့် တာလီဘန်တိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်ရှင်သန်လာရန် မျှော်လင့်ချက် ရှိလာပြီဖြစ်သည်။
Ref : Presstv
Comments