စက်တင်ဘာ ၂၅၊ ၂၀၁၆
M-Media
မိုးစက်
ရန်ကုန်။ ။ အစ္စလာမ်ဘာသာဝင်တွေဟာ တခြားဘာသာဝင်တွေကို စော်ကားနေတဲ့ အသိုင်းအဝိုင်းဖြစ်တယ်လို့ စိတ်ထဲမှာထင်နေအောင် ပုံဖော်နေသူများဟာ အကြမ်းဖက်သမားများသာ ဖြစ်တယ်လို့ မြန်မာမွတ်စလင်လူငယ်များအဖွဲ့ ဥက္ကဌဖြစ်သူ ဦးမြင့်ထွန်းက ဆိုပါတယ်။
“ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့ ဖြစ်စဉ်တိုင်းဟာ ပဋိပက္ခဖြစ်တာ မဟုတ်ပါဘူး။ ပဋိပက္ခဆိုတာ နှစ်ဦးနှစ်ဖက် ဖြစ်မှ သုံးတဲ့အသုံးအနှုန်းပါ။ ကျွန်တော်တို့က အကြမ်းဖက်ခံရတာပါ။ အခုလိုတွေဖြစ်ရတာလည်း သမိုင်းခေတ် အဆက်ဆက်မှာ စနစ်တကျ စီမံဆောင်ရွက်ခဲ့တဲ့လို့ ကျွန်တော် သုံးသပ်ပါတယ်။ အကြမ်းဖက်ခံရတာက အစွန်းရောက်တွေက စီစဉ်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။
မြန်မာမွတ်စလင်လူငယ်များအဖွဲ့ ဥက္ကဌဖြစ်သူ ဦးမြင့်ထွန်းက စက်တင်ဘာ (၂၅) ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ရဲ့ (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။
“ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဟာ ထိလွယ်တဲ့ပစ်မှတ်ဖြစ်တယ်။ အခုပြောင်းလဲနေတဲ့အချိန်မှာ မနိုင်လို့ ရူံးသွားတဲ့ အရူံးသမားကောင်းတွေမဟုတ်တဲ့ လူတွေရဲ့ မကျေနပ်မှုတွေကို ကျွန်တော်တို့တွေက အသုံးချခံနေရတာပါ။ အနေအထားတွေက ပိုပြီး ပြီပြင်လာပါတယ်” လို့ အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူးဖြစ်သူ ဦးအေးလွင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်လူငယ်များ (ဘာသာရေး) အဖွဲ့ရဲ့ (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှာ ဧည့်သည်တော်အဖြစ်တက်ရောက်လာတဲ့ တေရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်ကလည်း သမိုင်းတစ်လျှောက်မှာ အစဉ်အလာကြီးမားခဲ့တဲ့ မမလ အဖွဲ့ကြီး အဓွန့်ရှည်တည်တံ့ပြီး အောင်မြင်စွာ ဆထက်တပိုးထမ်းရွက်နိုင်စေဖို့လည်း ဆုမွန်ကောင်းတောင်းဆိုခဲ့ပါတယ်။
ယနေ့ခေတ်မှာ လူငယ်တွေအချေခံနေရပေမယ့်လည်း တန်ဖိုးကတော့ မပြတ်ပဲ ရှိနေဆဲမို့ လူငယ်တွေကို ကြိုးစားဖို့၊ ကြိုးစားမှုတွေကို မရပ်ပစ်ပဲ အရူံးမပေးပဲ အနာဂတ်အတွက် ကြိုးစားနိုင်ဖို့အတွက် ဝါးခယ်မ မောင်မင်းနိုင်က အားပေးစကားဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်လူငယ်များ (ဘာသာရေး) အဖွဲ့ရဲ့အနေနဲ့လည်း လူငယ်အဖွဲ့အစည်းဖြစ်သည့် အားလျှော်စွာ လူငယ်တွေအတွက် လူကြီးတွေက ရှေ့ဆက်ပြီး ခိုင်မြဲတဲ့အခြေအနေဖြစ်အောင် ကြိုးစားဖို့လိုကြောင်း၊ ပုခုံးပြောင်းတာဝန်များကိုလည်း လွှဲအပ်ပေးရန် လူငယ်များအနေနှင့် အဆင်သင့်ဖြစ်ရန် လိုအပ်နေကြောင်း၊ လူငယ်တွေအနေနဲ့ မျှော်လင့်ချက်တွေကို ကြိုးစားလုပ်ဆောင်သင့်ကြောင်း လူငယ်များနှင့် ပတ်သတ်ပြီး အားပေးစကားကို ဥက္ကဌ ဦးမြင့်ထွန်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
Comments