စက်တင်ဘာ ၃၀၊ ၂၀၁၆
M-Media
– ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးသွားခဲ့သူများ၏ မိသားစုများက ဆော်ဒီအာရေဗျအား တရားစွဲဆိုမှုကို ခွင့်ပြုထားသည့် ဥပဒေမူကြမ်းအား ဗီတိုဖြင့် ပယ်ချမှုကို အထက်လွှတ်တော်က ထိုဗီတိုအား တန်ပြန်ပယ်ချခြင်းမှာ အစိုးရအတွက် အမှားတစ်ခု ဖြစ်သည်ဟု သမ္မတ အိုဘားမားက ပြောကြားလိုက်သည်။
အဆိုပါဗီတိုကို ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်မှ တန်ပြန်ပယ်ချခဲ့ခြင်းဖြစ်ပြီး အိုဘားမားကမူ ထိုဆောင်ရွက်မှုက ‘နိုင်ငံရေးအရ ထိုးနှက်မှု’ ဖြစ်ပြီး အမေရိကန် တပ်ဖွဲ့များနှင့် အကျိုးစီးပွားတို့ ကို အန္တရာယ်ဖြစ်စေသည်ဟု ဆိုသည်။
“အချုပ်အခြာအဏာအရ ကင်းလွတ်ခွင့် (sovereign immunity) အယူအဆကို ကျွန်တော်တို့ ဖယ်ရှားမယ်ဆိုရင်၊ ကျွန်တော်တို့ကိုယ်တိုင် အပြန်အလှန်ဆုံးရှုံးမှုတွေထဲ အကြုံးဝင်သွားမယ်ဆိုတာ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်တို့ရဲ့ စစ်သား၊ စစ်သမီးတွေ မြင်လာနိုင်ပါတယ်” ဟု CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ဆော်ဒီအား တရားစွဲဆိုရန် ခွင့်ပြုထားသည့် အဆိုပါ ဥပဒေမူကြမ်းမှာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်သူများကို ဆော်ဒီက ထောက်ပံ့ပေးသည်ဟု စွပ်စွဲထားသည်။ အိုဘားမားက ထိုမူကြမ်းအားဖယ်ရှားမှုနှင့်ပတ်သက်၍ ကြားနာရာတွင် ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ခုစလုံးက အကြမ်းဖက်ဝဒါကို ထောက်ပံ့သူများဆိုင်ရာ တရားမျှတရေး အက်ဥပဒေ (ustice Against Sponsors of Terrorism Act) ကို ထောက်ခံသည်ဟု မဲပေးခဲ့ကြသည်။
ထိုကဲ့သို့ အိုဘားမား၏ ဗီတိုကို တန်ပြန်ပယ်ချခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သမ္မတ အိုဘားမားနှင့် အမေရိကန်၏ အနီးကပ်ဆုံး မဟာမိတ်များထဲမှ တစ်ဦးဖြစ်သော ဆော်ဒီတို့အား ထိုးနှက်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။
၉/၁၁ တိုက်ခိုက်မှုကို ဆောင်ရွက်သူ ၁၉ ဦးတွင် ၁၅ ဦးမှာ ဆော်ဒီနိုင်ငံသားများဖြစ်ကြပြီး ထိခိုက်သေဆုံးသွားသူများ၏ မိသားစုများကမူ ထိုကိစ္စအတွက် ဆော်ဒီအစိုးရအား အမေရိကန်တရားရုံးများတွင် တရားစွဲခွင့်ရရန် နှစ်ပေါင်းများစွာ လှုံ့ဆော်လာခဲ့ခြင်းဖြစ်သည်။
ဆော်ဒီကမူ လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုတွင် မိမိတို့ ပါဝင်ခြင်းမရှိဟု ပြောဆိုထာပြီး ထိုမူကြမ်းကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။
Ref: Aljazeera
Comments