စက်တင်ဘာ ၃၀၊ ၂၀၁၆
M-Media
– မူးယစ်နှိမ်နှင်းမှုတွင် တရားလက်လွတ်သတ်ဖြတ်မှုများရှိသည်ဟု အပြင်းအထန် ဝေဖန်ခံခဲ့ရပြီးနောက် ဖိလစ်ပိုင်သမ္မတ ရော်ဒရီကို ဒူတာတေးက ၎င်းအနေဖြင့် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင်မှုအားလုံးကို မကြာခင် ရပ်တန့်တော့မည်ဟု ပြောကြားလိုက်သည်။
ဖိလစ်ပိုင်နှင့် အမေရိကန်တို့မှာ ကာလရှည် မဟာမိတ်ဖြစ်ခဲ့သော်လည်း ဒူတာတေးက အိုဘားမားအား ပြီးခဲ့သည့်လအတွင်း ဆဲရေးတိုင်းထွာခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ဗီယက်နမ်သို့ ၂ ရက်တာအလည်ပတ်ခရီးအဖြစ် ရောက်ရှိစဉ် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် မိန့်ခွန်း၌ ဒူတာတေးက လာမည့်လတွင် ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ နောက်ဆုံးအကြိမ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော် ခင်ဗျားတို့ကို အခုပဲ အသိပေးလိုက်ပါတော့မယ်။ အခုတစ်ခေါက် စစ်ရေးလေ့ကျင့်မှုဟာ ဖိလစ်ပိုင်နဲ့ အမေရိကန်အကြား နောက်ဆုံးအကြိမ် ဖြစ်ပါတယ်”
Phiblex ဟု အမည်ပေးထးသည့် ဖိလစ်ပိုင်-အမေရိကန် ကြည်း-ရေ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၄ ရက်မှ ၁၂ ရက်ထိ ဖိလစ်ပိုင်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ပြီးခဲ့သည့် ဧပြီလက ပြုလုပ်ခဲ့သည့် Balikatan စစ်ရေးလေ့ကျင့်မှုတွင် နှစ်ဖက် တပ်ဖွဲ့အင်အား ၈၀၀၀ ကျော် ပါဝင်ခဲ့သည်။
၎င်းတို့ မဟာမိတ်နှစ်နိုင်ငံမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အပြန်အလှန် တုန့်ပြန်ပြောဆိုမှုများ ရှိခဲ့ပြီး လာအို၌ပြုလပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဒူတာတေးမှာ သမ္မတ အိုဘားမားအား စော်ကားပြောဆိုခဲ့ကာ မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံတောင်ပိုင်းမှ အမေရိကန် အထူးတပ်ဖွဲ့များကိုလည်း ဆက်လက်ထားရှိမှုမဟုတ်ဟု ပြောကြားခဲ့သည်။
Ref; Bangkokpost
Leave a Reply
You must be logged in to post a comment.