– အရှေ့တောင်အာရှဒေသသည် ကမ္ဘာပေါ်တွင် မတူညီသော လူမျိုးစုများနှင့် ကွဲပြားသော ဘာသာအယူဝါဒများအကြား အများဆုံး အတူယှဉ်တွဲတည်ရှိရာ အရပ်ဒေသတစ်ခုဖြစ်သည်။ မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံကိုကြည့်လျှင် စံနမူနာပြ အနေဖြင့် သိနိုင်ပေသည်။ လူများစု ကိုးကွယ်ရာ ဘာသာကြီးများဖြစ်သော အစ္စလာမ်၊ ဗုဒ္ဓ၊ ဟိန္ဒူနှင့် ခရစ်ယာန် ကိုးကွယ် ယုံကြည်သူတို့မှာ အုပ်စုသေးငယ်လှသော်လည်း တက်တက်ကြွကြွရှိလှသည့် ဆခ်၊ ဘဟာအီ၊ ကွန်ဖြူးရှပ်စ် နှင့်သာမက ဂျူးအသိုင်းဝိုင်းများအထိပါ အတူတကွ လက်တွဲနေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်း အတော်ကြာမြင့်ခဲ့ပေပြီ။ ယခုတော့ သီးခံခြင်းတရားဖြင့် တည်ဆောက်ထားခဲ့ကြသော လက်သင့်ခံနိုင်ဖွယ်ရှိသည့် မတူကွဲပြားမှုမှာ ခြိမ်းခြောက်ခြင်းကို ခံနေရပါပြီ။
မြန်မာနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ်၏ ဆယ်စုနှစ်ပေါင်းများစွာ အုပ်စိုးမှုအောက်မှ လွတ်မြောက်လာခဲ့ပြီး အထိမခံ ရွှေပုဂံလိုဖြစ်နေသော ဒီမိုကရေစီစနစ်ဆီသို့ ၀င်ရောက်ခဲ့ပါသည်။ ယနေ့တွင် နှစ်နိုင်ငံစလုံးမှာ အရပ်သား ဦးဆောင်သော ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်လာခဲ့သော်လည်း၊ မြန်မာပြည်၌မူ စစ်တပ်က အာဏာကို ချုပ်ကိုင်ထားဆဲ။ အင်ဒိုနီးရှားနိုင်ငံ၌လည်း ပထုတ်ခြင်းခံထားရသော စစ်တပ်က လက်ရှိအုပ်ချုပ်ရေးပိုင်းသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းဆဲဖြစ်သည်။
နှစ်နိုင်ငံစလုံးမှာလည်း အရှိန်အဟုန်မြင့်တက်လာသော ဘာသာရေး သည်းညီးမခံနိုင်မှု့များနှင့် နပန်းလုံးနေရသည်။ မြန်မာ နိုင်ငံ၏ ပြန်လည်ပေါ်ပေါက်လာခဲ့သော လွတ်လပ်ခွင့်များမှာလည်း စစ်သွေးကြွ အမျိုးသားရေး ဗုဒ္ဓ၀ါဒ၏ ခြိမ်းခြောက်မှု့ ဒဏ်ကို ခံနေရဆဲပင် ဖြစ်ပါသည်။ တိုင်းပြည်၏ မပြောပလောက်သော မွတ်စလင်လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုပ် သော မုန်းတီးမှုနှင့် အကြမ်းဖက်လှုပ်ရှားမှုတိုက်ပွဲ ပေါ်ပေါက်လာခဲ့ရသလိုပင် တစ်ဆက်တည်းမှာလည်း ယင်းတို့၏ဒဏ်ကို ခရစ်ယာန်များကပါ ရောပြီး ခံစားခဲ့ရသည်။
ဤအတောအတွင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ ဘာသာရေးမတူကွဲပြားမှု့ ဓလေ့ထုံးစံကို ထုံမွှမ်းစေသည့် ပန်ကြပ်ဆီလာ pancasila ခေါ် နိုင်ငံတော်၏ သာတူညီမျှ သဘောတရား – ယင်းမှာ တိုင်းပြည်က အသိမှတ်ပြုထားသည့် ဘာသာအယူ ၀ါဒ အသီးသီးအား သာတူညီမျှ အခွင့်ရေးပေးထားခြင်းဖြစ်သည် – မှာလည်း တယူသန် အစ္စလာမ်မစ်သမားများ၏ ရန်မှ ခြိမ်းခြောက်ခြင်းကို ခံနေရသည်။ အဟ်မဒီယာမွတ်စလင်နှင့် ရှီအာမွတ်စလင်တို့မှာ ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံလာနေရပြီး ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းများကိုလည်း ပိတ်ပစ်ကာ တယူသန် အစွန်းရောက်ဝါဒီများနှင့် ဆူဖီဓမ္မ လမ်းစဉ်ကို ဘိုးစဉ်ဘောင်ဆက်ကျင့်သုံးလာခဲ့ကြသော တိုင်းရင်းသားမွတ်စလင်အသိုင်းဝိုင်းတို့အကြား ပြဿနာများလည်း မြင့်တက်လာခဲ့ရသည်။
မြန်မာနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံစလုံးမှာပင်၊ တိုင်းပြည်မှာ လက်ရှိပြဿနာနှင့် ရင်ဆိုင်နေခဲ့ရသည်။ ယခင် မြန်မာအစိုးရ သည် သည်းညီးမခံနိုင်မှု့အသစ် အတော်များများ၏ နောက်ကွယ်က လက်သည်တရားခံဖြစ်သော ဗုဒ္ဓဘာသာ- အမျိုးသားရေးဝါဒ လှုပ်ရှားမှု – မဘသကို မသိမသာ အထောက်အကူပေးခဲ့ကြသည်။ ယင်းမဘသမှာ အခြေခံလူ့အခွင့်ရေးများကို ဆိုးဝါးစွာချိုးဖောက်သော ဥပဒေများဖြစ်သည့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် မတူညီသော ဘာသာ အချင်းချင်းကြား လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများကို တင်သွင်းခဲ့ကြသည်။
မဘသ၏ အမုန်းတရား ဟောပြောနေမှုများနှင့် ဘာသာရေး ပဋိပက္ခ လှုံ့ဆော်နေမှု့များကို လူသိရှင်ကြားဝေဖန်ခဲ့သော ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သူ ဦးထင်လင်းဦးအား နှုတ်ပိတ်ရန်အတွက် စစ်အစိုးရက ဘာသာရေးကို စော်ကားသည်ဟု စွပ်စွဲကာ ရာဇ၀တ်မှု့ကျူးလွန်သူအဖြစ် သတ်မှတ်ခဲ့ပါသည်။ လူမျိုးတုန်းသတ်ဖြတ်သည်ဟု အချို့သော နိုင်ငံတကာပညာရှင် များက ဖေါ်ပြနေကြသည့် တိုက်ပွဲပုံစံဖြင့် မီးတောင်သဖွယ် ပေါက်ကွဲပေါ်ထွက်လာခဲ့သော ရိုဟင်ဂျာများအပေါ် အကြမ်း ဖက်မှုများမှာလည်း ယခင်အစိုးရ လက်ထပ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
ယင်းမှာ ဘာသာရေးတည်းဟူသော ပျားရည်တွင် အမုန်းတရား အဆိပ်ခတ်ထားခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် အရပ်သားအစိုးရသစ်က အမွေဆက်ခံခဲ့ရသည်။ ယခုလို စိန်ခေါ်မှုများသာ မရှိပါလျှင်၊ တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ချောမွေ့နေမည်သာ ဖြစ်ပါသည်။ ထို့ကြောင့်ပင်၊ မဘသ တရားမ၀င်ကြောင်း ထုတ် ဖေါ်ပြောကြားခဲ့သည့် လက်ရှိအစိုးရ၏ မကြာသေးခင်က ခြေလှမ်းများကိုလည်း ကြိုဆိုအပ်ပါသည်။
အင်ဒိုနီးရှားတွင်မူ၊ သမ္မတ ဂျိုကို ၀ီဒိုဒိုမှာ အလားတူ အာနိသင်ပြင်းသော ပျားရည်ကို လက်ခံသောက်သုံးခဲ့ရသည်။၂၀၀၄ ခုနှစ်မှ ၂၀၁၄-ခုနှစ်အထိ တိုင်းပြည်ကို အုပ်ချုပ်သွားခဲ့သော ဆူဆီလို ဘန်ဘန်း ယူဒိုယိုနိုက ဘာသာရေး အဆောက်အအုံ ဆောက်လုပ်ရာနေရာများကို ကန့်သတ်ခြင်းနှင့် အချို့သော မွတ်စလင်များက မွတ်စလင်မဟုတ်ဟု ငြင်းပယ်ခံနေရသော ဘာသာခွဲတစ်ခုဖြစ်သည့် အဟ်မဒ်ဒီယာများအား ခွဲခြားကန့်သတ်သော ဥပဒေများကိုလည်း ထပ်မံ ပြင်ဆင်မွမ်းမံခဲ့သည်။ ၂၀၀၇-ခုနှစ်က မိန့်ခွန်းတစ်ရပ်တွင်၊ မစ္စတာ ယူဒိုယနိုက ဗဟုဝါဒ (မတူညီသော ဘာသာတရားများ)၊ pluralism ဘာသာရေးနဲ့ နိုင်ငံရေးအား မရောထွေးသောဝါဒ secularism ၊ လစ်ဘရယ်ဝါဒ liberalism နှင့် သွေ ဖယ်ညင်းဆန်ကြသူများကိုပေးသည့် ဖွဿွဝါဌာနကို တိုင်းပြည်၏ လက်နက်အနေဖြင့် သုံးဖို့ ကတိစကားပေးသည် အထိ ပင် ဖြစ်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ရော၊ ၀ီဒိုဒိုပါ အဆိုပါအတိတ်နှင့် မသက်ဆိုင်တော့ကြောင်း ရှင်းရှင်းလင်းလင်းပင် ရပ်ဆိုင်းလိုက် ပြီးဖြစ်သည်။ ဘာသာရေး သည်းမခံနိုင်မှုများကို ဆန့်ကျင်ပြီး၊ ဗဟုဝါဒကို လေးစားတန်ဖိုးထားသည့် စိတ်ဓာတ် ထိုသူနှစ်ဦးစလုံးမှာ ရှိနေသည့်တိုင်၊ ထိုသူနှစ်ဦးလုံးအား ဘာသာရေးအစွန်းရောက်များ၊ အမျိုးသားရေးဝါဒီများနှင့် စစ်တပ် တို့က ပူးပေါင်းကာ ဘာမှလှုပ်လို့မရအောင် ဟန့်တားထားကြသည်။ ထို့ကြောင့် ထိုသူနှစ်ဦးစလုံးအား သူတို့၏ ဒီမိုကရေစီဝါဒ၊ မတူကွဲပြားမှု့များ ယှဉ်တွဲနေထိုင်နိုင်သည်ဟူသော အသိစိတ်ဓာတ်များကို ရပ်တည်ရှင်သန်နိုင်အောင် အားပေးရမည်ဖြစ်ပြီး မြင့်တက်လာသော ဘာသာရေး သည်းညည်းမခံနိုင်မှု့များကိုလည်း ထိုးနှက်ပစ်ရပေမည်။
ဤဒေသအား ထူးခြားဆန်းကျယ်စေသည့် မတူကွဲပြားနေမှုအား ထိန်းသိမ်းထားရမည့် အဆင့်လေးချက်
အဆိုပါ စိန်ခေါ်မှု့များကို ရင်ဆိုင်နိုင်ဖို့ အဓိက အချက် လေးချက် လိုအပ်ပါသည်။
ပထမအချက်- ဘာသာရေး လွတ်လပ်ခွင့်(သို့မဟုတ်) လွတ်လပ်စွာ ယုံကြည်ခွင့်- လူ့အခွင့်ရေး အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်း အခန်းအမှတ် ၁၈ တွင် ဖေါ်ပြပါရှိသည့်အတိုင်း၊ လူတိုင်းအတွက် အခြေခံရပိုင်ခွင့်တစ်ခုကို အသိ မှတ်ပြုပေးရမည်။ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် (သို့) ဘာသာရေးကို လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်မရှိလျှင်၊ သာတူညီမျှ လွတ်လပ်ခွင့်ဆိုသည်မှာလည်း ရှိတော့မည် မဟုတ်ချေ။ ယင်းမှာ လွတ်လပ်ရေး၏ အခြေ ခံအုတ်မြစ်ပင် ဖြစ်လေသည်။
ဒုတိယအချက်- လူမျိုးရေး၊ဘာသာရေးကို နိုင်ငံရေးနှင့် မရောထွေးမိစေရန် သင်ယူရမည်။ ယင်းသုံးခုစလုံးမှာ မကြာခဏ ဆိုသလိုပင် တစ်ခုနှင့်တစ်ခု နီးစပ်လွန်းရကား ရောယှက်သွားတတ်ကြသည်။ လူများစုအနေဖြင့်၊ မြန်မာ (သို့မဟုတ်) ထိုင်း ဖြစ်လျှင် ဗုဒ္ဓဘာသာ ဖြစ်မည်။ မလေး (သို့မဟုတ်) အာချေးနယ်သား ဖြစ်လျှင် မွတ်စလင် ဖြစ်မည်။ ဖီလစ်ပိုင် လူမျိုး များအတွက်ကတော့၊ ခရစ်ယာန်ဘာသာသည် လူ့အသိုင်းဝိုင်းနှင့် ကိုယ်ပိုင် အမှတ်သင်္ကေတတို့တွင် နှလုံးသည်းပွတ်၌ ရှိနေကြပါသည်။ ဘာသာတရားတစ်ခုကို မကြာခဏဆိုသလို နိုင်ငံရေး၌လက်နက်သဖွယ် လွဲမှားစွာ အသုံးချလေ့ရှိကြ သည်။ ဘာသာရေးဆိုသည်မှာ စိတ်၊နှလုံး၊ ၀ိဥာဉ်တို့နှင့်သာ သက်ဆိုင်သော အရေးကိစ္စဖြစ်သင့်ပြီး မျိုးနွှယ် (သို့မဟုတ်) မွေးဖွားရာ ဇာတိတို့နှင့် သက်ဆိုင်သည့် အကြောင်းရာ မဖြစ်သင့်ချေ။ လူတို့သည် သူတို့ မွေးဖွားရာ ဇာတိတိုင်းပြည်တွင် နိုင်ငံသားများဖြစ်ကြပြီး ဘာသာရေးကိုအခြေမခံပဲ သာတူညီမျှအခွင့်ရေး၌ တန်းတူရရမည်ဟူသော အမြင်အတွက် ကျွန်ုပ်တို့ တွန်းလှန်တိုက်ပွဲဝင်ရပါမည်။
နိုင်ငံသား စိစစ်ရေးကဒ်ပြားများတွင် ဘာသာထည့်သွင်း ဖေါ်ပြထားမှု့ကို ပယ်ဖျယ်ပေးသင့်ပြီး အမျိုး၊အတန်းအစား ခွဲခြား ထားမှု့ ဆိုသည်မှာ အထွေထွေစာရင်းအင်း ကိစ္စရပ်များတွင်သာ အသုံးပြုရမည်ဖြစ်ပြီး လူတစ်ယောက်အား မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားသတ်မှတ်ရန်အတွက် မဟုတ်ပေ။ ဘာသာတရားအားလုံးကို နားလည်လာအောင် ဘာသာရေးပညာကို အားပေးချီးမြှောက်သင့်သည်။ နိုင်ငံသားအားလုံးသည် တိုင်းပြည်၏ အနာဂတ်တွင် အေးအတူပူအမျှ တူညီစွာ ဝေစုရှိသူ များ ဖြစ်သဖြင့် အားလုံးကို တန်းတူအခွင့်ရေးပေးရမည်ဟု ကျွန်ုပ်တို့ အလေးနက်ထားရမည်။
သာသနာရေး ၀န်ကြီးဌာနတစ်ရပ်ကို ထားရှိသော အစိုးရများသည် ဘာသာ/သာသနာ တစ်ခုက အခြား ဘာသာ/သာ သနာများအား အလွဲသုံးစွာပြုနေသလား၊ အားပေးချီးမြှောက်နေသလား (သို့တည်းမဟုတ်) ဘာသာ/သာသနာများ အား ထိန်းချုပ်နေသလား ဆိုသည်ကို စဉ်းစားသင့်ပေသည်။ယုတ်စွအဆုံး၊ ယင်းအစိုးရများက ဘာသာ/သာသနာ အားလုံးတို့ အပေါ်တွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်အား အားပေးအားမြောက်ပြု၍ အကာကွယ်ပေးနေသည် ဟု စိတ်ချယုံကြည်လာအောင် ပြုပြင်ပြောင်းလဲသင့်က ပြုပြင်ပြောင်းလဲရပေမည်။
တတိယအချက်- ပြည်နယ်၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းဖေါ်ပြရမည်။ လုံခြုံရေးတပ်ဖွဲ့များက အားအင်ချိနဲ့ရှာသော လူနည်းစု ဘာသာဝင်များအပေါ် တိုက်ခိုက်နေမှုတို့အား ရပ်တန့်ရန် အကာကွယ်ပေးရပေမည်၊ အမုန်းတရား လှုံ့ဆော်နေသူ များနှင့် ရာဇ၀တ်မှု့မြောက်သည့် အကြမ်းဖက်သမားများကို တရားဥပဒေရှေ့တော်မှောက်သို့ ပို့ဆောင်ကာ ခွဲခြားဆက်ဆံ ရန် ရည်ရွယ်ရေးဆွဲထားသော မတရားဥပဒေများကိုလည်း ပြုပြင်သင့်ကပြုပြင်၊ ပယ်ဖျက်သင့်က ပယ်ဖျက် ပစ်ရပေမည်။ အဆိုပါ ဥပဒေများသည် လူနည်းစုများအပေါ် ရည်ရွယ်နှိပ်ကွပ်ထားလင့်ကစား၊ ယခုထက်တိုင်၊ တရား ဥပဒေစိုးမိုးရေးမှာ လူ့အသိုင်းဝိုင်းတစ်ခုလုံးအား သဟဇာတဖြစ်ရန်အတွက် ဦးစားပေးလုပ်ဆောင်နေရသည်။ စောစောက အမြင်ကို အခြေခံ လူ့အခွင့်ရေးတစ်ရပ်ဖြစ်သည့် ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ခြင်းဆိုသည့် ဦးစားပေးအစီစဉ်သစ်ဖြင့် အစားထိုး လုပ်ဆောင်ရပေမည်။ အကြမ်းဖက်အုပ်စုများ၏ သက်ရောက်မှု့မှန်သမျှကိုလည်း လျော့ချခြင်းအားဖြင့် ငြိမ်းချမ်းတည်ငြိမ်မှု့ ကို ထိန်းသိမ်းရာ ရောက်ပေမည်။
နောက်ဆုံးအချက်- အနေဖြင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့် (သို့မဟုတ်) ဘာသာရေး လွတ်လပ် ခွင့်များကို လူသားအားလုံးရရှိအောင် ကျွန်ုပ်တို့ နှုတ်မှ ထုတ်ဖေါ်ပြောကြားရပေမည်။ မြန်မာပြည်မှ ပထမဦးဆုံး ကာဒီနယ် ဖြစ်သူနှင့် ယခင်အင်ဒိုနီးရှားဝန်ကြီးချုပ်ဟောင်းနှင့် ထင်ရှားသောအစ္စလာမ်ဘာသာရေးဆရာတစ်ဦးလည်း ဖြစ်သူ – (Gus Dur )အဗ္ဗဒူလ်ရာဟ်မာန် ၀ါဟိဒ် ၏ သမီးတစ်ယောက်အနေဖြင့်၊ ကျွန်တော်တို့ နှစ်ဦးစလုံးက ယင်းကိစ္စကို မည်မျှအထိပင် အရေးပါကြောင်း ယခုလို ကြိုးစားပမ်းစား သာဓကများဖြင့် သက်သေပြခဲ့ပါသည်။ မြန်မာပြည်မှ မွတ်စလင်များအတွက် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ ခရစ်ယာန်များအတွက်လည်းကောင်း သူတို့ ခွဲခြားဆက်ဆံခံရပြီး နှိပ်စက်ညှင်းပန်းခံနေ ရချိန်တွင် ကျွန်ုပ်တို့ နှစ်ဦးစလုံးမှာ အသံများထွက်ပြခဲ့ပါပြီ။ ထိုသို့လုပ်ရန်လည်း ထိုဒေသရှိ ဘာသာရေး နှင့် နိုင်ငံရေး ခေါင်းဆောင်များအားလုံးကို ကျွန်ုပ်တို့က ပန်ကြား တိုက်တွန်းလိုက်ရပေသည်။
(ဤဆောင်ပါးကို မြန်မာနိုင်ငံမှ ကာဒီနယ် ချားလ်စ် ဘိုနှင့် အင်ဒိုနီးရှားနိုင်ငံမှ မစ္စ၀ါဟဒ်တို့ ပူးပေါင်းရေးသားသည်။ ကာဒီနယ် ဘိုမှာ မြန်မာပြည်မှ ပထမဆုံး ရွေးချယ်ခံရသည့် ကာဒီနယ်နှင့် ရန်ကုန်မြို့၏ ခရစ်ယာန် ဂိုဏ်းချုပ် သာသနာ ပိုင် တစ်ဦးဖြစ်သည်။ မစ္စ ၀ါဟဒ်မှာလည်း ယခင် အင်ဒိုနီးရှား သမ္မတဟောင်း အဗ္ဗဒူလ်ရာဟ်မာန် ၀ါဟဒ်၏ သမီးတစ်ဦး ဖြစ်ပြီး Gusdurian Network ၏ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါသည်။)
(THE WALL STREET JOURNAL တွင် ဖေါ်ပြပါရှိသော Rejecting Religious Intolerance in Southeast Asia ကို ဆလိုင်းမှူးထန်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
Comments