အောက်တိုဘာ ၇၊ ၂၀၁၆
M-Media
– ၂၀၁၆ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို နိုင်ငံအတွင်း နှစ် ၅၀ ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲအား ရပ်တန့်အောင် စွမ်းဆောင်နိုင်ခဲ့သည့် ကိုလံဘီယာသမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
ဆန်းတို့စ်မှာ ပြီးခဲ့သည့်လအတွင်းက FARC သူပုန်အဖွဲ့ အကြီးအကဲ ရော်ဒရီဂို လွန်ဒိုနိုနှင့် သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး ၄ နှစ်ကြာ ဆွေးနွေးခဲ့ရခြင်းဖြစ်သည်။
“နိုဘယ်ဆုရွေးချယ်ရေးကော်မတီဟာ ၂၀၁၆ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် တိုင်းပြည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရေး ဆောင်ကျဉ်းပေးနိုင်ဖို့ မဆုတ်မနစ် အားထုတ်ခဲ့တဲ့ ကိုလံဘီယာသမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်ကို ရွေးချယ်လိုက်ပါတယ်” ဟု ကော်မတီ၏ ဥက္ကဌဖြစ်သူ ကာစီ ကူလ်မန် ဖိုက်ဗ်က ပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားဖို့၊ တိုက်ပွဲတွေပြန်ဖြစ်ပွားဖို့အတွက် တော်တော်လေး အန္တရာယ်ရှိခဲ့ပါတယ်။ ဒီလိုအန္တရာယ်တွေကပဲ သမ္မတ ဆန်းတို့စ်ဦးဆောင်တဲ့ အဖွဲ့နဲ့ FARC သူပုန်ခေါင်းဆောင် ရိုဒရီဂို လွန်ဒိုနို ဦးဆောင်တဲ့ အဖွဲ့အကြား အပစ်ရပ်ရေးကို ဆက်လက်အလေးထားဖို့ ပိုပြီး အရေးပါခဲ့ပါတယ်”
ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် လျာထားခံရသည့် တစ်ဦးတစ်ယောက်ချင်းစီနှင့် အဖွဲ့ပေါင်း ၃၇၆ ခု ရှိခဲ့ပြီး ဆန်းတို့စ်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ ဆီးရီးယားမှ White Helmets အကူအညီပေးရေးအဖွဲ့၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် စသည့် နာမည်ကြီးများကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။
Ref: Aljazeera
Comments