အောက်တိုဘာ ၈၊ ၂၀၁၆
M-Media
– နိုဝင်ဘာမှာ ပြုလုပ်မယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အပုပ်နံ့နောက်ထပ်တစ်ခု မနေ့က ပေါ်ထွက်လာခဲ့ပြန်ပါတယ်။
အဲဒါကတော့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ချိုးချိုးနှိမ်နှိမ် ပြောကြားချက်တစ်ခုဖြစ်ပြီး၊ သူ့ရဲ့ ရာဂတဏှာစိတ် ကြီးမှုကိုလည်း အဲဒီမှတ်ချက်ထဲမှာ တွေ့မြင်ခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ၁၁ နှစ်က Access Hollywood ဆို အစီအစဉ်မှာ ပါဝင်မှုမတိုင်ခင် အစီအစဉ်တင်ဆက်သူ ဘီလီဘုရှ်နဲ့ စကားပြောဆိုရင်း မတော်တဆ အသံသွင်းမိသွားခဲ့တာဖြစ်ပါတယ်။
အဲဒီဗီဒီယိုရိုက်ကူးထားမှုကို Washintong Post နဲ့ NBC သတင်းဌာနတွေက ယမန်နေ့မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဒီမိုကရက်တစ်ပြိုင်ဘက် ဟီလာရီကလင်တန်နဲ့ ဒုတိယအကြိမ်မြောက် စကားစစ်ထိုးပွဲပြုလုပ်ဖို့ ၂ ရက်အလိုမှာ ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။
ပထမတစ်ကြိမ်ကတုန်းကလည်း ထရမ့်ဟာ သူ့ရဲ့ အမျိုးသမီးတွေအပေါ် နှိမ့်ချပြောဆိုမှုအတွက် ကလင်တန်ရဲ့ ပြစ်ပြစ်နှစ်နှစ် ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။
၂၀၀ ၅ ခုနှစ်က ရိုက်ကူးဖြစ်ခဲ့တဲ့ အခု ဗီဒီယိုမှတမ်းမှာတော့ ထရမ့်ဟာ အမည်မသိ အမျိုးသမီးတစ်ဦးကို သူ့ဘက်ပါလာအောင် မဆွဲဆောင်နိုင်မှုနဲ့ ပတ်သက်ပြီး ဘီလီဘုရှ်ကို ညည်းတွားပြောကြားခဲ့ပါတယ်။
“သူ့ကို ချဉ်းကပ်တယ်ဗျ။ မရဘူးလို့ ၀န်ခံရမယ်။ သူကို့ ကျွန်တော် လိင်ဆက်ဆံဖို့ ကြိုစားသေးတယ်။ သူ လက်ထပ်ပြီးသားဗျ။ ပြီးတော့ သူ့ကို ကျွန်တော် တော်တော်လေးကို လိုက်ကြောင်းခဲ့တာပါ။ ပြောရရင်ဗျာ – အိမ်ထောင်ပရိဘောဂတွေ လိုက်ဝယ်ပေးတယ်။ သူက ပရိဘောက လိုချင်တယ်လို့ပြောတယ်။ ကျွန်တော်ကလည်း ‘ပရိဘောဂကောင်းကောင်း ဘယ်မှာရှိလဲဆိုတာ ငါ လိုက်ပြမယ်’ လို့ ပြောခဲ့တယ်”
နောက်ပိုင်းမှာ ထရမ့်က အဲဒီအမျိုးသမီးကို ‘ခွေးမလို လိုက်ကျောင်းခဲ့တယ်’ လို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောကြားခဲ့ပြီး အဲဒီအမျိုးသမီးရဲ့ ရင်သား အစားထိုးပြင်ဆင်မှုကိုလည်း စော်စော်ကားကား ပြောခဲ့ပါသေးတယ်။
သူပါဝင်ရမယ့် ရုပ်သံအစီအစဉ်တင်ဆက်မှု စက်တင်မှာ မင်းသမီး အေရီယန်နီ ဇက်ကာကို တွေ့ပြီးတဲ့နောက်မှာတော့ ထရမ့်ရဲ့ ရာဂစိတ်ဟာ ငယ်ထိပ်ရောက်ပြီး ဒီမင်းသမီးကို ‘နမ်းဖို့အတွက် ပီကယ်မွှေး လိုရမယ်ရ ဆောင်ထားရမယ်’ လို့ ပြောကြားခဲ့ပါတော့တယ်။
“အလှပဂေးတွေက ကျွန်တော့်ကို အလိုလိုကြွေတာဗျ။ ကျွန်တော်က စ,နမ်းလိုက်တာပဲ။ အဲဒါက သံလိုက်လိုပဲဗျ။ နမ်းပြီးတာနဲ့ ကျွန်တော် မနေနိုင်တော့ဘူး။ ခင်ဗျားက နာမည်ကြီးတစ်ယောက်ဖြစ်ရင် သူတို့က အနမ်းခံတယ်။ ကြိုက်သလိုလည်း လုပ်လို့ရပါတယ်။ ပင်တီလေးကိုသာ လှမ်းဆွဲလိုက်ဗျ။ ကြိက်တာလုပ်လို့ ရတယ်”
တောင်းပန်
ဒီဗီဒီယို ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာတော့ ထရမ့်က Twitter ကနေ တောင်းပန်ခဲ့သလို သူ့အနေနဲ့ ခြောက်ပြစ်ကင်း သဲလဲစင် လူတစ်ယောက်ဖြစ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့တဲ့အကြောင်း၊ ဟန်လည်းမဆောင်ခဲ့ကြောင်း၊ ဒီလို ပြောကြားမှုအတွက် နောင်တရကြောင်း၊ အဲဒီအမှားအတွက်လည်း တောင်းပန်ပါတယ်လို့ ဗီဒီယိုကနေတစ်ဆင့် တောင်းပန်စကား ပြောကြားခဲ့ပါတယ်။
“ကျွန်တော် ပေါက်ကရတွေ လျှောက်ပြောခဲ့ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ပြောစကားနဲ့ သူ့ရဲ့လုပ်ရပ်တွေမှာ ခြားနားမှုတွေ အများကြီးရှိပါတယ်။ ဘီလ်ကလင်တန်ဟာ အမျိုးသမီးတွေကို နှိပ်စက်ခဲ့ပြီး ဟီလာရီကလည်း သူ့ယောက်ျား နှိပ်စက်ထားတဲ့သူတွေကို ရိုက်ပုတ်တာ၊ တိုက်ခိုက်တာ၊ အရှက်ရစေတာ၊ ခြောက်လှန့်တာမျိုးတွေ လုပ်ခဲ့ပါတယ်” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
George Mason တက္ကသိုလ်က နိုင်ငံရေး လေ့လာဆန်းစစ်သူတစ်ဦးဖြစ်ပြီး၊ မူဝါဒ၊ အစိုးနဲ့ နိုင်ငံတကာရေးရာ ပါမောက္ခဖြစ်သူ ဘီလ် ရှနိုက်ဒါကတော့ ထရမ့်ရဲ့ ဒီမှတ်ချက်တွေဟာ တော်တော်လေးဆိုးရွားပြီး အဆိပ်အတောက်ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။
“အမေရိကန်ပြည်သူအများစုက သူဟာ သမ္မလောင်းအဖြစ် မထိုက်တန်ဘူးလို့ ယူဆနေကြတာပါ။ တကယ်လို့ သမ္မတပြေးလမ်းကြောင်းမှာ ဆက်ရှိနေဖို့ဆိုရင်တော့ ဒါဟာ သူ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါပေမယ့် သူက ရှုံးဖို့ သေချောသလောက်ကို ရှိနေပါပြီ”
ဒါပေမယ့် ဒီလို မဆင်မခြင်ပြောကြားမှုတွေ ရှိနေပေမယ့်လည်း သူ့ရဲ့ အမာခံတွေကတော့ ဆက်ရှိနေကြအုံးမယ်လို့ ရှနိုက်ဒါက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဆန့်ကျင်ကြ
ထရမ့်ရဲ့ ဒီမှတ်ချက်အတွက် ဟီလာရီကလင်တန်ရဲ့ မဲဆွယ်ရေးအဖွဲ့တင် မကဘဲ ရီပက်ဘလစ်ကန် ပါတီဝင်တွေကိုယ်တိုင်က ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။
“ဒါဟာ သိပ်ကိုဆိုးရွားပါတယ်။ ဒီလိုလူမျိုးကို ကျွန်မတို့ သမ္မတအဖြစ်မခံနိုင်ပါဘူး” လို့ ကလင်တန်က မဲဆွယ်ရေး Twitter အကောင့်မှာ ရေးသားခဲ့ပါတယ်။
လွှတ်တော် ဥက္ကဌ ပေါလ်ရိုင်ယန်ကလည်း “ဒီလိုစကားအတွက် အော့နှလုံးနာတယ်” လို့ ဝေဖန်ခဲ့ပါတယ်။
ကော်လိုရာဒိုက ရီပက်ဘလစ်ကန် အောက်လွှတ်တော်အမတ် မိုက် ကော့ဖ်မန်းကတော့ ထရမ့်ကို ဖြုတ်သင့်ပြီး “တိုင်းပြည်ကောင်းဖို့အတွက်၊ ဟီလာရီကလင်တန်အပေါ် ရီပက်ဘလစ်ကန်တွေအနိုင်ရရေး အခွင့်ရေး ပေးဖို့အတွက်” ပါတီက ရွေးချယ်ထားတဲ့ သမ္မတလောင်းကို ပြိုင်ပွဲကနေ နှုတ်ထွက်ခိုင်းသင့်ပြီလို့ ပြောကြားခဲ့ပါတယ်။
ယူတာက ရီပက်ဘလစ်ကန် အထက်လွှတ်တော်အမတ် မိုက်လီကလည်း ထရမ့်ကို သမ္မတလောင်းအဖြစ်ကနေ ဖယ်ရှားဖို့ တိုက်တွန်းခဲ့ပါတယ်။
တစ်ကြိမ်မဟုတ်တော့
ထရမ့်ကအနေနဲ့ ရာဂကျူးပြောဆိုချက်တွေကို ပြောတာ ဒီတစ်ကြိမ်ဟာ ပထမဆုံးမဟုတ်ဘဲ အခေါက်ခေါက်အခါခါ ရှိနေပြီဖြစ်ပါတယ်။
The Apprentice ဆိုတဲ့ တီဗီအစီအစဉ်မှာ ပါဝင်တက်ဆက်ခဲ့တုန်းကလည်း ထရမ့်ဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ မလေးမစား ခေါ်ဝေါ်သုံးနှုန်းခဲ့တာ၊ အမျိုးသမီး ၀င်ရောက်ယှဉ်ပြိုင်သူတွေကို ရင်သားအရွယ်အစားနဲ့ အဆင့်သတ်မှတ်တာ၊ ဘယ်အမျိုးသမီးနဲ့ လိင်ဆက်ဆံချင်တယ်လို့ ပြောတာမျိုးတွေ ရှိခဲ့တယ်လို့ AP သတင်းဌာနက ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ဖော်ထုတ်တင်ပြခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်တွေက ဟောင်းဝဒ် စတာန်နဲ့ မကြာခဏပြုလုပ်တဲ့ ရေဒီယိုအင်တာဗျူးမှာလည်း ထရမ့်ဟာ အဲဒီတုန်းက ကားမတော်တဆမှုဖြစ်ပြီး သေဆုံးသွားတာ မကြာသေးတဲ့ ဝေလမင်းသမီး ဒိုင်ယာနာနဲ့ လိင်ဆက်ဆံခဲ့ရမယ်ဆိုတဲ့ မကျေမနပ်စကားတွေ ပြောခဲ့တာမျိုးတွေလည်း ရှိပါတယ်။
နောက်ပြီး ဟာသအမျိုးသမီး သရုပ်ဆောင်ဖြစ်တဲ့ ရိုစီ ဒွန်နဲလ်ကို ‘၀က်မ’ ‘ဘုတ်ထိုင်း’ စသဖြင့် ခေါ်ဝေါ်ခဲ့ပြီး ကိုယ့်ကိုယ်ကို မှန်ကြည့်ရင် စိတ်ပျက်သွားလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်တိုင်မ်းက ပြီးခဲ့တဲ့ တစ်ပတ် သတင်းဖော်ပြမှုမှာ ထရမ့်ဟာ တောင်ကယ်လီဖိုးနီးယားက ဂေါက်ကွင်းမှာ ဂေါက်ရိုက်တဲ့အခါ စွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေကိုသာ သူ့နဲ့အတူလိုက်ပြီး ၀န်ဆောင်မှုပေးဖို့ မန်နေဂျာတွေကို မှာထားတတ်တယ်လို့ ဆိုပါတယ်။
Ref: Aljazeera
Comments