အောက်တိုဘာ ၁၂၊ ၂၀၁၆
M-Media
– အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး၌ ရှီယိုက်မွတ်စလင်များ ဘာသာရေး အထိမ်းအမှတ်အခမ်းအနား ပြုလုပ်နေစဉ်အတွင်း သေနတ်သမားများက ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
မြို့အနောက်ပိုင်း ကဘူးလ်တက္ကသိုလ်အနီးရှိ ကာတီဗလီဝတ်ကျောင်းတော်တွင်ဖြစ်ပြီး အစ္စလာမ့်ပြက္ခဒိန်၏ ပထမဆုံးလဖြစ်သော မုဟရမ် ၁၀ ရက်နေ့တွင် ကျရောက်သည့် အာရူရာနေ့အခမ်းအနားကို ပြုလုပ်နေစဉ် တိုက်ခိုက်မှု ဖြစ်ပွာခဲ့ခြင်းဖြစ်သည်။
အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကမူ အသေခံတိုက်ခိုက်ရေးသမားမှာ ရဲတပ်ဖွဲ့ဝင် ယူနီဖောင်းဝတ်ကာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဖောက်ခွဲရေးပစ္စည်းများဖြင့် ဗလီဝတ်ကျောင်းတော်ထဲ ၀င်ရောက်ရန် ကြိုးပမ်းခဲ့သူ တစ်ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်ဟု အာဖဂန်ပြည်ထဲရေးဝန်ကြီး ဆဒစ် ဆီဒီကီက ဆိုသည်။
သေနတ်သမားမှာ ဗလီဝတ်ကျောင်းတော်အား စောင့်နေသည့် ရဲတ်ဖွဲ့ဝင်တစ်ဦးကို ပစ္စတိုဖြင့်ပစ်သတ်ကာ ၎င်း၏ ရိုင်ဖယ်သေနတ်ကိုယူ၍ ၀င်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုအတွင်း သေနတ်သမား ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်။
ထိုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့အစည်းကမှ တာဝန်မယူသေးပေ။
ရှီယိုက်မွတ်စလင်များမှာ တမန်တော် မုဟမ္မဒ်သခင်၏ မြေးတော် အီမာမ် ဟူစိန် ကွယ်လွန်မှုအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားများကို အာရှုရာနေ့ ရောက်ရှိတိုင်း ကျင်းပမပြုလုပ်လ့ရှိကြသည်။
IS နှင့် တာလီဘန်တို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများမှာ ရှီယိုက်မွတ်စလင်များကို ဖောက်ပြန်ရေးသားများအဖြစ် သတ်မှတ်ပြီး ၎င်းတို့၏ ဗလီဝတ်ကျောင်းတော်များ၊ စုရုံးမှုများကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။
Ref: Aljazeera
Comments