အောက်တိုဘာ ၂၀၊ ၂၀၁၆
M-Media
– ချန်ပီယံလိဂ် ပထမ အုပ်စုလေးခုရဲ့ အုပ်စု တတိယပွဲစဉ်တွေကို ဒီနေ့မှာ ကစားခဲ့ပြီး အသင်းကြီးတော်တော်များများ ဂိုးမြူးခဲ့ပါတယ်။
အုပ်စု A
———
အာဆင်နယ် ၆-၀ လူဒိုဂိုးရက်
ပီအက်စ်ဂျီ ၃-၀ ဘေဆယ်
အိမ်ကွင်းမှာ အဆင်နယ်တို့ သက်တောင့်သက်သာဖြစ်ခဲ့ပြီး ၁၂ မိနစ်မှာတင် ဆန်းချက်ဇ်က လှလှပပ ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ၄၂ မိနစ်မှာ ဝေါလ်ကော့၊ ၄၆ မိနစ်မှာ ချိန်ဘာလိန်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အိုဇေးလ်က ၅၆၊ ၈၃ နဲ့ ၈၇ မိနစ်တွေမှာ အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပြီး ကစားသမားသက်တမ်းတစ်လျှောက် ပထမဆုံး ဟက်ထရစ်ကို ရယူနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီကလည်း ၃ မှတ်ရဖို့ မခက်ခဲခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်အသာနဲ့ ကစားနိုင်ခဲ့တဲ့ အိမ်ရှင်အတွက် မိနစ် ၄၀၊ ၆၂ နဲ့ မိနစ် ၉၀ တို့မှာ ဒီမာရီယာ၊ မူရာနဲ့ ကာဗာနီ (ပင်နယ်တီ) တို့က အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အုပ်စု B
———
ဒိုင်နမိုကိဗ် ၀-၂ ဘင်ဖီကာ
နာပိုလီ ၂-၃ ဘက်ခီတက်
ပေါ်တူဂီချန်ပီယံ ဘင်ဖီကာတို့ အကောင်းဆုံးခြေစွမ်းနဲ့အတူ အုပ်စုတွင်း ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ ၉ မိနစ်မှာပဲ ပင်နယ်တီကနေ ဦးဆောင်ဂိုး ရလိုက်တာက ဧည်သည့်တို့အတွက် အစကောင်းသွားစေခဲ့တာပါ။ ဒိုက်နမိုကိဗ်ကလည်း ချေပဂိုးရဖို့ ကြိုစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ၅၅ မိနစ်မှာ နောက်ထပ်တစ်ဂိုး ပေးလိုက်ရတာဖြစ်ပါတယ်။
အီတလီက နာပိုလီနဲ့ ဘက်ခီတက်တို့ရဲ့ ပွဲကတော့ အပြန်အလှန်ဂိုးတွေသွင်းကာ အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၃ ကြိမ်မှာ ၃ ဂိုးသွင်းနိုင်ခဲ့တဲ့ ဘက်ခီတက်ရဲ့ အဆုံးသတ်ကောင်းမွန်မှုကတော့ ချီးကျူးရမှာပါ။ ဦးဆောင်ဂိုးတွေကိုလည်း ဧည့်သည်အသင်းက စသွင်းခဲ့တာဖြစ်ပြီး နာပိုလီက နောက်ကနေ ပြန်ချေပရတာဖြစ်ပါတယ်။ မိနစ် ၅၀ မှာ ရခဲ့တဲ့ ပင်နယ်တီကို လော်ရန်ဇို အင်ဆစ်ဂနီက ၀င်အောင်မသွင်းနိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ ၁ မှတ်ရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။
အုပ်စု C
———-
ဘာစီလိုနာ ၄-၀ မန်စီးတီး
ဆဲလ်တစ် ၀-၂ မိုချန်ဂလာဘတ်ခ်ျ
ဂွါဒီယိုလာဟာ အသင်းဟောင်းကို တပည့်ဟောင်း မက်ဆီရဲ့ ဟက်ထရစ်နဲ့အတူ ဂိုးပြတ်ရှုံးခဲ့ပေမယ့် ခြေစွမ်းက သိပ်ကွာခဲ့တာ မဟုတ်ပါဘူး။ ဘာကာက ၁၇ မိနစ်မှာ မက်ဆီရဲ့ အဖွင့်ဂိုးရခဲ့တာ၊ ၅၃ မိနစ်မှာ မန်စီးတီးဂိုးသမား ဘရာဗို စည်းအပြင်ဘက်ကို ထွက်ဖမ်းရာမှာ ဘောလုံးကို လက်နဲ့ပုတ်လိုက်လို့ တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရတာက မန်းစီးတီးကို အထိနာစေခဲ့တာပါ။ တစ်ယောက်လျော့သွားပြီးတဲ့နောက်ပိုင်းမှာတော့ မန်စီးတီးဟာ ဂိုးတွေ ဆက်တိုက် ပေးခဲ့ရပြီး မက်ဆီက ၂ ဂိုး၊ နေးမာက တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါတောင် ၈၇ မိနစ်မှာ ရတဲ့ ပင်နယ်တီကို နေးမာကန်သွင်းတာ ဂိုးသမား ကာကွယ်နိုင်တာကြောင့် ၅ ဂိုး မဖြစ်ခဲ့တာပါ။
မိုချန်ဂလာဘတ်ခ်ျရဲ့ ဒီအနိုင်ဟာ အုပ်စုအတွင်း ပထမဆုံး နိုင်ပွဲဖြစ်ခဲ့ပြီး နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ရှင်သန်လာပါတယ်။ အိမ်ရှင်ရဲ့ ဖိအားပေးမှုအောက် ရောက်ခဲ့ပေမယ့် အကောင်းဆုံး ရုန်းထွက်နိုင်ခဲ့ပြီး ဒုတိယပိုင်း ဂိုး ၂ ဂိုးနဲ့ ဒီ ၃ မှတ်က မိုချန်ဂလာဘတ်ခ်ျအတွက် ထိုက်တန်တယ်လို့ ပြောလို့ရပါတယ်။
အုပ်စု D
———
ဘိုင်ယန်မြူးနစ် ၄-၁ ပီအက်စ်ဗီ
ရိုတော့ဗ် ၀-၁ အက်သလက်တီကို မက်ဒရစ်
ဘိုင်ယန်တို့ အိမ်ကွင်းမှာ ပထမပိုင်းမှာတင် ၃ ဂိုးသွင်းနိုင်ခဲ့ပြီး ၄ ဂိုး ၁ ဂိုးနဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါတောင် ဂိုးသွင်းသေချာရင် ဒီထက်ပို ဂိုးပြတ်နိုင်မယ့် အခွင့်အရေး ရှိခဲ့ပါသေးတယ်။
အက်သလက်တီကိုက ရာနှုန်းပြည့်နိုင်ပွဲကို ဆက်ယူနိုင်ခဲ့ပါတယ်။ အဝေးကွင်းဖြစ်ပေမယ့် ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ၁ ဂိုးထက်မက ပိုရနိုင်မယ့် အခွင့်အရေးတွေလည်း ရှိခဲ့တာပါ။ အနိုင်ဂိုးကိုတော့ ကာရက်စကိုက ၆၂ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
Comments