အောက်တိုဘာ ၂၂၊ ၂၀၁၆
M-Media
– မြောက်အတ္တလန်တိတ် သမုဒ္ဒရာက ဘာမြူဒါတြိဂံဒေသကို လူတိုင်း ကြားဖူးကြမှာပါ။
စကွဲယားကီလိုမီတာ ၅ သိန်းလောက်ကျယ်ဝန်းတဲ့ အဲဒီဧရိယာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း လေယာဉ် ၇၅ စင်းနဲ့ သင်္ဘောရာနဲ့ချီ ပျောက်ဆုံးခဲ့ပြီး အနည်းဆုံးလူပေါင်း ၁၀၀၀ လောက်ရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။
ထူးဆန်းအံ့သြဖွယ်အဖြစ်အပျက်တွေကို လေ့လာလိုက်စားကြသူတွေကတော့ ဒီနေရာဟာ ကျိန်စာသင့်နေရာဖြစ်တယ်၊ အတိတ် ဒါမှမဟုတ် ပစ္စုပ္ပန်ကိုသွားတဲ့ အချိန်တံခါးပေါက်ဖြစ်တယ် စသဖြင့် အမျိုးမျိုး ပြောဆိုခဲ့ကြပါတယ်။
အခုအချိန်မှာတော့ သိပ္ပံပညာရှင်တွေက ဒီ ဘာမြူဒါတြိဂံဒေသရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်ရတဲ့ ယူဆချက်တစ်ခုကို တင်ပြလာပါတယ်။
အဲဒါကတော့ ဒီရေပြင်ပေါ်မှာရှိတဲ့ ဆဌဂံပုံစံ တိမ်တိုက်တွေက ဖြစ်ပေါ်လာတဲ့ air bomb လို့ ခေါ်တဲ့ လေဗုံးတွေက ဒီလို ပျောက်ဆုံးမှုတွေရဲ့ နောက်ကွယ်က အကြောင်းတရား ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆပါပဲ။
Air bomb တွေကြောင့် ဖြစ်ပေါ်လာတဲ့ လေပြင်းမုန်းတိုင်းတွေက အလွန်ပြင်းထန်ပြီး တစ်နာရီကို မိုင်ပေါင်း ၁၇၀ နှုန်းနဲ့ တိုက်ခတ်တာဖြစ်ပါတယ်။
“သမုဒ္ဒရာပေါ်မှာ ဖြစ်နေတဲ့ ဆဌဂံပုံစံ တိမ်တိုတွေဟာ air bomb တွေနဲ့ ဆက်စပ်နေပါတယ်။ air bomb တွေဟာ microburst (လေဆင်နှာမှောင်းကဲ့သို့ လေတိုက်မှုတစ်မျိုး) တွေကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး လေထဲမှာ ပေါက်ကွဲကာ တိမ်ရဲ့ အောက်ခြေကနေ အောက်ကို ဆင်းလာတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သမုဒ္ဒရာကို ရိုက်ခတ်ပြီး ရေလှိုင်းကြီးတွေကို ဖြစ်စေကာ တစ်ခါတစ်ရံမှာ အချင်းချင်း ပေါင်းစည်းပြီး အရွယ်အစား အလွန်ကြီးမားသွားပါတယ်” လို့ ဇလဗေဒပညာရှင် ရန်ဒီ ကာရ်ဗီနီက ပြောကြားခဲ့ပါတယ်။
အဲဒီ တိမ်တိုက်ကြီးတွေဟာ ဘာမြူဒါကျွန်းရဲ့ အနောက်ဖက်အစွန်းမှာတည်ရှိပြီး အကျယ်က မိုင် ၂၀ ကနေ ၅၅ မိုင်လောက်အထိ ရှိတယ်လို့ ဂြိုဟ်တု ဇလဗေဒပညာရှင် ဒေါက်တာ စတီဗ်မီလာက ဆိုပါတယ်။
“ဒီတိမ်တိုက်တွေရဲ့ အနားသတ်မျဉ်းတွေကို ပုံသေ မမြင်ရပါဘူး။ ဒီတိမ်တိုက်တွေဟာ တစ်ချိန်လုံး ရောက်တက်ရာရာ ပြန့်နှံ့နေတာပါ”
ဒါ့ကြောင့် ဒီ ဆဌဂံတိမ်တိုက်ကြီးတွေက ဖြစ်ပေါ်တဲ့ air bomb တွေဟာ ဘာမြူဒါတြိဂံဒေသရဲ့ လျှို့ဝှက်ချက်နောက်ကွယ်က အကြောင်းအရင်းဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြတာဖြစ်ပြီး အသေးစိတ်ဖော်ထုတ်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
Ref: Dailymail
Comments