အောက်တိုဘာ ၂၃၊ ၂၀၁၆
M-Media
– တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၏ ရီးယဲလ်အတွက် ကူညီခဲ့မှုများကို ချီးကျူးလိုက်ပြီး ဒဏ္ဍာရီဆန်ဆန် ကစားသမားဖြစ်သည်ဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က ပြောကြားလိုက်သည်။
ရော်နယ်ဒိုမှာ မန်ယူတွင် ကမ္ဘာ့ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ရီးယဲလ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်တွင် ကမ္ဘာ့အတောက်ပဆုံး ဘောလုံးကြယ်တစ်ပွင့် ဖြစ်လာခဲ့သည်။
ရီးယဲလ်တွင် ချန်ပီယံလိဂ် ၂ ကြိမ်အပါအ၀င် ကလပ်အသင်းအဆင့် ဖလားအားလုံးကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကိုလည်း ရရှိခဲ့သည်။ ထို့ပြင် ရော်နယ်ဒိုမှာ ပွဲပေါင်း ၃၅၆ ပွဲကစား ၃၆၈ ဂိုးသွင်း၍ ရီးယဲလ်၏ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။
ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ကမူ ရော်နယ်ဒို၏ စွမ်းဆောင်မှုကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။
“(၂၀၁၅-၁၆ ဘောလုံးရာသီမှာ) သူဟာ ချန်ပီယံလိဂ်မှာ ၁၆ ဂိုးသွင်းပြီး ဂိုးသွင်းဘုရင် ဖြစ်ခဲ့တယ်။ ရွှေဖိနပ်ဆုကို လေးကြိမ်မြောက်ယူနိုင်ခဲ့ပါတယ်။ ဒီလိုလုပ်နိုင်တာ သူတစ်ယောက်တည်း ရှိပါတယ်။ ယူအီးအက်ဖ်အေရဲ့ ဥရောပအကောင်းဆုံး ဘောလုံးသမားအဖြစ်လည်း ၄ ကြိမ် အရွေးခံခဲ့ရပါတယ်။ မက်ဒရစ်သမိုင်းမှာ ၃၆၈ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားသူပါ။ သူဟာ ဘောလုံးလောကနဲ့ မက်ဒရစ်အသင်းအတွက် ဒဏ္ဍာရီဆန်တဲ့ ကစားသမားတစ်ယောက်ပါပဲ” ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။
ထို့ပြင် ပီရက်ဇ်မှာ ယခု ရီးယဲလ်နည်းပြဖြစ်နေသည့် ဇီဒိန်း၏ ရီးယဲလ်ကစားသမားဘ၀ စွမ်းဆောင်မှုများကိုလည်း ချီးကျူးခဲ့သည်။
Ref : Goal
Comments