အောက်တိုဘာ ၂၈၊ ၂၀၁၆
M-Media
– ဖိလစ်ပိုင်၏ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ နိုင်ငံတောင်ပိုင်းတွင် ယနေ့ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း မြို့တော်ဝန်တစ်ဦးနှင့် ၎င်း၏ သက်တော်စောင့် ၉ ဦးတို့အား ပစ်သတ်ခဲ့ပြီး သမ္မတဒူတာတေးတက်လာပြီးနောက် မူးယစ်နှိမ်နှင်းမှုတွင် အဆိုးရွားဆုံး ဖြစ်ရပ်များမှ တစ်ခု ဖြစ်လာခဲ့သည်။
ပစ်သတ်ခံရသည့် မြို့တော်ဝန်မှာ ဆော်ဒီ အမ်ပါတူဝမ်မြို့တော်ဝန် ဆမ်ဆူဒင် ဒီမူကွမ်ဖြစ်ပြီး ဒူတာတေးက မူးယစ်လုပ်ငန်းတွင် ပါဝင်နေသည့် အစိုးရတာဝန်တာဝန်ရှိသူများဟု ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့သည့် လူ ၁၅၀ စာရင်းတွင် ပါဝင်သူတစ်ဦးလည်း ဖြစ်သည်။
ဒူတာတေးမှာ ပါဝင်သူများအား အညံ့ခံရန် အမိန့်ပေးခဲ့ပြီး မလိုက်နာပါက နှိမ်နှင်းသွားမည်ဟု ပြောကြားခဲ့သည်။
ဒီမူကွမ်မှာ ရဲတပ်ဖွဲ့တွင် သွားရောက်အဖမ်းခံခဲ့သော်လည်း ၎င်းအနေဖြင့် မူးယစ်လုပ်ငန်းတွင် ပါဝင်မှုမရှိဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိအနေဖြင့် တရားမ၀င် မူးယစ်လုပ်ငန်းများကို တိုက်ဖျက်နေသူဖြစ်ပြီး ဒူတာတေး၏ နှိမ်နှင်းမှုကို ထောက်ခံကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။
ပစ်ခတ်မှုမဖြစ်ပွားခင် ရဲတပ်ဖွဲ့က ဒီမူကွမ်၏အဖွဲ့မှာ မူးယစ်ဆေး ပမာဏာအများအပြားကို ဒါဗာအိုမြို့မှ ဒူတာတေး၏ဇာတိ မူဂွင်ဒါနာအိုသို့ ပို့ဆောင်မည့်ဆိုသည့်သတင်းကို ရရှိခဲ့သည်။
ရဲတပ်ဖွဲ့တာဝန်ရှိသူကမူ မြို့တော်မနီလာတောင်ဘက် ကီလိုမီတာ ၉၅၀ အကွာရှိ မာကီလာလာမြို့တွင် ရဲတပ်ဖွဲ့က ကားရပ်ရန် တားသည့်အခါ ၎င်းတို့အဖွဲ့က ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
မေလ အာဏာရပြီးနောက်ပိုင်း ဒူတာတေး၏ မူးယစ်တိုက်ဖျက်မှု စစ်ဆင်ရေးတွင် လက်ရှိအချိန်အထိ လူပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့ပြီး အမေရိကန်၊ ကုလနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရသည်။
Ref: Aljazeera
Comments