အောက်တိုဘာ ၃၀ ၊၊ ၂၀၁၆
အေးထွန်း ရှာဖွေတင်ဆက်သည်။
နိုဘယ်လ်ဆုရှင်ဩစတေးလျှနိုင်ငံသား သတ္တဗေဒပညာရှင် Karlvon Frisch ဟာ ပျားတွေနဲ့ပတ်သတ်ပြီး အထူးမွေးမြူလေ့လာ ခဲ့သူဖြစ်ပါတယ်။
၁၉၂၃ခုနှစ်မှာ သူဟာ ပျားတွေရဲ့ အကနဲ့ပတ်သတ်ပြီး စာတမ်းတစ်စောင် ထုတ်ဝေခဲ့ပါတယ်။
ပျားတစ်ကောင်ဟာ ဝတ်ရည်ရှိရာနေရာကို တွေ့ပြီဆိုရင်သူ့အသိုက်ကိုပြန်လာပြီး အခြားပျားတွေကို ဝတ်ရည်ရှိရာ အရပ်ရဲ့ အကွာအဝေး (Distance) နဲ့ လားရာ (Direction) ကို ပြသဖို့အတွက် ကပြပါတယ်။
အကွာအဝေး (Distance) ကို ဖော်ပြရာမှာတော့ အကွာအဝေးပေါ်မူတည်ပြီး သူ့ရဲ့အကပုံစံ ကို ပြောင်းလဲကာ ၊ လားရာ (Direction) ကိုဖော်ပြချက်ကတော့ ပျားဟာ နေကို သံလိုက်အိမ်မြောင်သဖွယ်အသုံးချပြီး နေနဲ့ ဝတ်ရည်ရှိရာအရပ် ၂ခုကြား ထောင့် (Angle) ကိုညွှန်ပြပြီး ကပါတယ်။
၁) အကယ်၍ ဝတ်ရည်ရှိရာအကွာအဝေးသည် ၂၅မီတာဝန်းကျင်ထိဆိုလျှင် ပျားဟာ Circular Dance လို့ခေါ်တဲ့ အကကို သူ့သူငယ်ချင်းတွေဆီမှာ ကပြပါတယ်။
၂) အကယ်၍ ဝတ်ရည်ရှိရာနေရာ အကွာအဝေးသည် ၂၅ မီတာအထက်မှ မီတာ ၁၀၀ ဝန်းကျင်ထိဆိုလျှင် ပျားဟာ Waggle Dance လို့ခေါ်တဲ့ အကကို ပြောင်းကပါတယ်။ မြန်မြန်ပါ။
၃) အကယ်၍ ဝတ်ရည်ရှိရာ နေရာအကွာအဝေးသည်မီတာ၁၀၀ အထက်မှ မီတာ ၂၀၀ဝန်းကျင်ထိဆိုလျှင် Waggle Dance ကိုပဲ ကပါတယ်။ ဒါပေမဲ့ နှေးနှေးပါ။
အကွာအဝေးကိုတော့ဟုတ်ပါပြီ၊
ဦးတည်ရာက ဘယ်ဘက်လဲဆိုတာကို ပြသနိုင်ဖို့အတွက် အဲဒီပျားဟာ နေကို သံလိုက်အိမ်မြှောင်သဖွယ် အသုံးပြုပါတယ်။
နေရှိရာနေရာနဲ့ ဝတ်ရည်ရှိရာ နေရာ ကြား ထောင့် (Angle) ကို တွက်ချက်ပြီး အခြားပျားတွေသိရှိအောင် ကပြခြင်း ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ကျန်တဲ့ပျားတွေဟာ ဝတ်ရည်ရှိရာအကွာအဝေးနဲ့ လားရာကို သိသွားပြီဖြစ်တဲ့အတွက် အားလုံးတူတူ ဝတ်ရည်ရှိရာသို့ ထွက်လာကြခြင်းဖြစ်ပါတယ်။
(Microsoft Encarta Premium 2009 , Honey Bee Dances Interactivity )
Comments