အောက်တိုဘာ ၃၁ ၊ ၂၀၁၆
M-Media
သီဟ
ကျောက်တော်မှ မွတ်စလင်မ် အမျိုးသား (၅) ဦးကို ခရီးသွားခွင့် လက်မှတ် မပါဘဲ ခရီးသွားလို့ ၁၉၄၇ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ၆(၃) အရ အလုပ်နဲ့ ထောင်ဒဏ် (၂) နှစ် ပြစ်ဒဏ်ကို တာမွေမြို့နယ် တရားရုံးမှ အောက်တိုဘာ (၂၈) ရက်နေ့တွင် ချမှတ်လိုက်ပါတယ်။
နာစီး(၂၀)နှစ်၊ ရွှေမောင် (၂၁)နှစ်၊ မောင်လှ (၂၀)နှစ်နဲ့ လာလူး(၂၀)နှစ်၊ ဆိုဖီယာ ဇမ်မာ (၂၇) နှစ် တို့ (၅) ယောက်ဟာ အောက်တိုဘာလ ၂၂ ရက်နေ့ မှာ တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
သူတို့တွေ မလေးရှားနိုင်ငံကို သွားရောက်ဖို့အတွက် ကျောက်တော်က ရန်ကုန်သို့ လာဖို့ တယောက်ကို ၁၅ သိန်း ဆီ ပွဲစားတွေကို ပေးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
သူတို့ (၅) ယောက် က ကျောက်တော်မြို့က ထုတ်ပေးတဲ့ ယာယီ ခရီးသွားလက်မှတ်တွေမပါသလို၊ ခရီးသွားတဲ့အခါ ပါရှိရမယ့် သက်သေခံလက်မှတ်တွေ မပါလို့ ထောင်ဒဏ်ချမှတ်ခံတာလို့ တာမွေမြို့နယ်မှ ရဲအရာရှိက ပြောကြားကြောင်း The Voice မီဒီယာမှာဖော်ပြပါတယ်။
ရခိုင် ပြည်နယ်က ကမန်တိုင်းရင်းသားတွေ အပါအဝင် အစ္စလာမ်ဘာသာဝင်တွေဟာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စ တွေအတွက် မြို့နယ် ကျော်ပြိး ခရီးသွားရင် မှတ်ပုံတင် ကိုင်ဆောင်ထားရင်လည်း နယ်ကျော်ခရီးသွားလက်မှတ်တွေ သီးသန့် လျောက်ထားနေရတာဖြစ်ပြီး အလွယ်တကူ လျောက်လို့ မရကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဓါတ်ပုံ- Yangon Police
Comments