နိုင်ဝင်ဘာ ၁၀၊ ၂၀၁၆
M-Media
– ယမန်နှစ် နိုဝင်ဘာလ၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သောင်ပြိုကမ်းပြို အနိုင်ရခြင်းနှင့်အတူ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲထိရောက်မှုအတွက် ယခင်ကာလများထက် ပို၍ မျှော်လင့်ချက်ရောင်ခြည်သန်းလာသယောင် ရှုမြင်သုံးသပ်ကြသည်။ မည်သို့ဆိုစေ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကပင် အစိုးရ၏ဆင်ဆာဖြတ်တောက်မှု၊ နိုင်ငံအ၀ှမ်းရှိ ဒါဇင်နှင့်ချီသော သီးခြား သတင်းစာများအတွက် အခိုင်အမာထုတ်ဝေမှုလိုင်စင် အပါအ၀င် မီဒီယာအသိုင်းအ၀ိုင်းမှာ စတင် တံခါးပွင့်ခဲ့ပြီဖြစ်၏။ သို့သော်လည်း ကျစ်လစ်သောပြုပြင်မွမ်းမံရေးအဆင့်အား အဆုံးသတ်ရေးနှင့် မြန်မာနိုင်ငံသည် နိုင်ငံရေးလမ်းကြောင်းမှန်ပေါ် ရှိရေးအတွက်ကား ကောက်ချက်ချရမည့် အချက်များစွာ ကျန်နေသေးပါသည်။
အလုံးစုံကူးပြောင်းခြင်းနှင့်တစ်ကွ အရာရာတိုင်း၌ အဆိုးများက ရှိစမြဲ။ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံပါတီတစ်ရပ်အား လွှတ်တော်အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးခြင်းက အကောင်းဖက်ဦးတည်ခြင်းအတွက် သံသယဖြစ်ဖွယ်မရှိ။ သို့သော် အကယ်၍ မြန်မာနိုင်ငံတော်သစ်ရှိ မီဒီယာအသိုင်းအ၀ိုင်းအဖို့ အောင်မြင်စွာကူးပြောင်းရေးအတွက် စံနှုန်းတိုင်းညှိချက်တစ်ရပ်အဖြစ် ကျန်ရစ်နေပါလျှင် ဤကနဦးအောင်မြင်မှုများမှာ ကျန်နေသေးသည့် အစစ်အမှန်စိန်ခေါ်မှုများအားလုံးအပေါ် လွှမ်းမိုးနိုင်လိမ့်မည် မဟုတ်ပေ။
ပြီးခဲ့သည့်လတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားအစိုးရအဖွဲ့က ကျန်ရှိ ပိတ်ဆို့မှုများကို ဖယ်ရှားပေးခြင်း၏ မရှေးမနှောင်းမှာပင် တရားရုံးနှစ်ခုမှ ဂျာနယ်လစ်များအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၀ ဖြင့် တရားရင်ဆိုင်စေမှုကို တွေ့မြင်လိုက်ရသည်။ ပထမအမှုသည် တနင်္သာရီအပတ်စဉ်ဂျာနယ်မှ စာရေးသူတစ်ဦးကို Delco Ltd သတ္ထုတူးဖော်ရေးကုမ္ပဏီမှ တရားစွဲဆိုခြင်းဖြစ်သည်။ ယင်းကုမ္ပဏီ၏လုပ်ငန်းစဉ်များကြောင့် မြစ်ချောင်းနေသတ္တ၀ါများ သေကြေပျက်စီးရခြင်းနှင့် လေထုညစ်ညမ်းခြင်းအပေါ် ဒဏ်ခံရသည့် ငါးတစ်ကောင်၏အမြင်ဖြင့် ၎င်းသူက ဖန်တီးရေးသားဖော်ပြခဲ့၏။ အဆိုပါရေးသားချက်၌ ယင်းကုမ္မဏီ၏အမည်ကို ဖော်ပြမထားခဲ့၊ သဘာဝပတ်ဝန်းကျင်ပြဿနာများနှင့်ပတ်သက်၍ လူထုအကြား အသံကျယ်လောင်လာစေမည့် မည်သည့်ဆွေးနွေးချက်မျိုးကိုမှ လက်မခံဘဲ ပိတ်ပင်လိုသော ထိုကုမ္ပဏီ၏ရပ်တည်ချက်ကို ထူးခြားစွာ တွေ့လိုက်ရပေသည်။ ထိုအမှုမှာ ပြစ်ဒဏ်ထင်ရှားကြောင်း မဖော်ပြနိုင်သေးချေ။
ဒုတိယအမှုမှာ ပအို့ဝ်စာပေဖြင့် ထုတ်ဝေသော လူထုအသံ သတင်းစာမှ ဂျာနယ်လစ်နှစ်ဦး၏အမှု ဖြစ်၏။ ထိုသတင်းစာကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နှင့်တစ်ဝိုက်တွင် ထုတ်ဝေဖြန့်ချိသည်။ ဒေသခံနိုင်ငံရေးခေါင်းဆောင်တစ်ဦးသည် မိမိ၏ ပုဂ္ဂလဆိုင်ရာ မွေးနေ့ပွဲ ကျင်းပရေးအတွက် ရွာသားများထံ အတင်းအကြပ်ငွေကြေးကောက်ခံမှုအကြောင်း ရေးသားဖော်ပြမိသဖြင့် အရေးယူခံရခြင်းဖြစ်သည်။ အမှုနှစ်ရပ်လုံး၌ စွဲချက်တင်ခံရသူ ဂျာနယ်လစ်များအား ဒဏ်ငွေ သုံးသောင်း ကျပ်ပေးဆောင်ခြင်း သို့မဟုတ် ထောင်ဒဏ်တစ်လ ကျခံရန် ဆုံးဖြတ်ခဲ့သည်။ ဒဏ်ငွေဆောင်ယုံမျှနှင့် ပြီးစီးနိုင်သော မည်ကာမတ္တအမှုမျိုးဖြစ်လင့်ကစား တရားစီရင်ရေးကာလမှာ တစ်မှုက လေးလကျော်၊ နောက်တစ်မှုက ၁၅ လတိုင် အချိန်ကြာမြင့်ခဲ့၏။ ထိုကာလအတွင်း ထိုဂျာနယ်လစ်များအဖို့ လုပ်ငန်းဆောင်တာများကို မိမိတို့၏အရည်အသွေးနှင့်အညီ လုပ်ကိုင်ဖော်ဆောင်ခွင့် ဆုံးရှုံးရလေသည်မှာ အသေအချာပင်။ ဒုတိယအမှုကို တရားရုံးသို့ နှစ်ပတ်တစ်ကြိမ် သွားရောက်ရင်ဆိုင်ရသည့် ဂျာနယ်လစ်၏ ခရီးသွားလာစားရိတ်နှင့် တရားရုံးစားရိတ်မှာ ဂျာနယ်လစ်တို့၏လစဉ်လစာငွေများထက်ပင် ပိုမိုကုန်ကျခဲ့ရသည်။ ဂျာနယ်လစ်အများအပြားတို့သည် မဆိုစလောက်သော ဘတ်ဂျက်အသုံးစားရိတ်တို့ဖြင့် လှုပ်ရှားရုန်းကန်နေရသော်လည်း၊ ဂျာနယ်လစ်တို့၏ ကိုယ်ပိုင်တည်းဖြတ်ခွင့်အား ကန့်သတ်ခြင်း၊ စစ်အုပ်ချုပ်ရေးခေတ်ကရှိနှင့်ပြီးသော သြဇာရှင်အစုအဖွဲ့တို့အား အောက်ကျို့ခယစေခြင်းတို့ဖြင့် အသရေဖျက်မှုအန္တရာယ်နှင့် တရားရုံးတို့၏ လာဘ်စားယိုယွင်းမှုတို့က မြန်မာနိုင်ငံဆင်ဆာဘုတ်အဖွဲ့၏နေရာ၌ ရည်ရွယ်ချက်ရှိရှိ အစားထိုးဝင်ရောက်နေလေသည်။
ဤမီဒီယာလွတ်လပ်ခွင့်ကာလသစ်သာ ထင်သလောက် မဆိုးဝါးပါက ပြည်သူ့အသံ The People’s Voice သတင်းစာအမှု၏ တရားလိုနှင့် တရားပြိုင်များမှာ ပအို့ဝ်လူမျိုးများအချင်းချင်းသာ ဖြစ်နေကြောင်း ဟိုးလေးတကျော် ဖြစ်သွားပေမည်။ နိုင်ငံတွင်းရှိ အခြား လူနည်းစုဝင်တိုင်းရင်းသားအုပ်စုများနှင့် မတူကွဲပြားစွာ ကျယ်ကျယ်ပြန့်ပြန့် အခြေချနေထိုင်နေသော ပအို့ဝ်လူမျိုးစုတို့သည် ၁၉၉၁ ခုနှစ်တွင် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည်။ အကျိုးဆက်အားဖြင့် ရှမ်းပြည်တောင်ပိုင်း မြို့နယ်သုံးခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ (Self-Administered Zone – SAZ) များအဖြစ် ဖန်တီးနိုင်ခဲ့သည်။ ဤနယ်မြေတို့အား ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် PNO က (စစ်အစိုးရ၏လက်အောက်ခံအဖြစ်) အုပ်ချုပ်ထားသည်။ ဤအဖွဲ့သည် ပြည်နယ်နှင့်နိုင်ငံအသိအမှတ်ပြု တရားဝင်နိုင်ငံရေးပါတီဖြစ်သလို နောက်တစ်ဖက်တွင်လည်း ပအို့ဝ်အမျိုးသားတပ်မတော် လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွယ်လျက်ရှိသည်။ ဒါဇင်နှင့်ချီသော လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတို့အကြား အပစ်အခတ်ရပ်စဲရေး (နှင့်) နိုင်ငံ၏ ငြိမ်းချမ်းသော ဒီမိုကရေစီအကူးအပြောင်းအား ခိုင်မာစေမည့် အကြီးမားဆုံးကိစ္စ ဖက်ဒရယ်မူဝါဒပြဿနာများနှင့်အတူ ဂျာနယ်လစ်များအပေါ် PNO ခေါင်းဆောင်၏ အသရေဖျက်မှုဖြင့်တရားစွဲဆိုခြင်းက – မြန်မာ့တိုင်းရင်းသားလူ့အဖွဲ့အစည်းများအကြားဝယ် အာဏာရှင်တို့၏ သြဇာလွှမ်းမိုးမှု မည်သည့်အတိုင်းအတာအထိ အမြစ်တွယ်ခိုင်မာနေကြောင်းကို ခင်းကျင်းပြသနေပေသည်။
အကယ်၍ မြန်မာ့နိုင်ငံရေး အကူးအပြောင်း အမှန်တကယ် အောင်မြင်စေလိုသော် လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် သတင်းလွတ်လပ်ခွင့် အပါအ၀င် အခြေခံအခွင့်အရေးအများကို NLD အစိုးရမှ ဦးထိပ်ထားဆောင်ရွက်ရမည်ဖြစ်၏။ ယုတ္တိမဲ့ အမှုဆင်ခြင်းကိစ္စများအပေါ် ဆန့်ကျင်ပြောဆိုရမည်ဖြစ်၏။ သို့သာမက တင်ပြပါအမှုမှာ လူမျိုးစုအချင်းချင်းကြားဆက်ဆံရေး၏ ရှေ့ပြေးနိမိတ်တစ်ခု ဖြစ်နေပါလျှင် တိုင်းရင်းသားမီဒီယာနှင့် လူ့အဖွဲ့အစည်းရေးရာလှုပ်ရှားသူများအနေဖြင့် အလုံးစုံငြိမ်းချမ်းရေး၊ ဗဟိုအစိုးရနှင့် နိုင်ငံရေးသဘောတူညီချက်အတွက် တွန်းအားပေးခြင်းကိုသာမက အစစ်အမှန်ဒီမိုကရေစီစနစ်၏လိုအပ်ချက်ဖြစ်သော မီဒီယာလွတ်လပ်ခွင့်အတွက် မိမိတို့၏ခေါင်းဆောင်များအား ပြင်ဆင်စီမံနိုင်စေရေးကိုပါ လုပ်ဆောင်ဖို့ လိုအပ်နေပါသည်။ စပ်ကူးမတ်ကူးကာလအတွင်း နိုင်ငံတကာမီဒီယာဖွံ့ဖြိုးရေးအသိုင်းအ၀ိုင်းကလည်း နိုင်ငံတွင်းအခြေအနေများကို ကောင်းစွာ တိုးမြှင့်စောင့်ကြည့်ခြင်း၊ ၎င်းပြင် ပိုမိုလွတ်လပ်သော မီဒီယာအသိုင်းအ၀ိုင်း ဖန်တီးနိုင်ရန် လူထုလှုပ်ရှားသူတို့၏ကမ်ပိန်းများကို အားပေးပံ့ပိုးခြင်းနှင့် ကိုယ်ရည်ကိုယ်သွေးတည်ဆောက်မှု ပြည့်ဝစေခြင်း၊ မူမမှန်စွာ တရားလက်လွတ် အသရေဖျက်မှုဖြင့် စွဲချက်တင်ခံရသူများနှင့်တစ်ကွ ဂျာနယ်လစ်တို့၏ ဘ၀ရှင်သန်ရေးနှင့် ဥပေဒေကြောင်းအရ အကာအကွယ်ပေးနိုင်ရေးအတွက် အရင်းအမြစ်များကို ဖြည့်ဆည်းပေးခြင်း စသည်တို့အား ကိုင်တွယ်ဆောင်ရွက်အပ်ပေသည်။
(၀ါရှင်တန်ဒီစီ အခြေစိုက် The Center for International Media Assistance (CIMA) မှ ထုတ်ဝေဖော်ပြခဲ့သော အရှေ့တောင်အာရှဆိုင်ရာ ဒီမိုကရေစီထွန်းကားရေး ပရိုဂရမ်အရာရှိ David Angeles ၏ A gauge for democracy: media freedoms under fire in the new Myanmar ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။)
Comments