နိုဝင်ဘာ ၂၅၊ ၂၀၁၆
M-Media
– ရိုဟင်ဂျာမွတ်စလင် လူနည်းစုများအပေါ် စစ်တပ်က တမင်ရည်ရွယ်သတ်ဖြတ်မှုများ၊ အဓ္ဓမပြုကျင့်မှုများ ရှိနေသည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအား ရှုတ်ချရန်အတွက် ဂျကာတာမှ ဒါကာအထိ အာရှနိုင်ငံများရှိ မြို့ကြီးများ၌ ယနေ့တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် သောကြာနေ့ဝတ်ပြုမှုအပြီးတွင် လူပေါင်း ၅၀၀၀ ခန့် ဆန္ဒပြခဲ့ကြပြီး ကွာလာလမ်ပူ၊ ဂျကာတာနှင့် ဘန်ကောက်မြို့များတွင်လည်း ထိုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးစုလိုက် သုတ်သင်မှု ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့သည်။
ရခိုင်မြောက်ပိုင်းတွင် လတ်တလော ဖြစ်ပွားနေသော အကြမ်းဖက်မှုကြောင့် အနည်းဆုံး ၈၆ ဦး သေဆုံးခဲ့ကာ ၃ သောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
မြန်မာစစ်သားများမှာ အဆိုပါ လူနည်းစု အသိုင်းအ၀ိုင်းမှ အမျိုးသမီး ဒါဇင်ပေါင်းများစွကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
မလေးရှားကက်ဘိနတ်က အဆိုပါ အကြမ်းဖက်မှုကို ရှုတ်ချသည့် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်အချင်းချင်း ပုံမှန်မဟုတ်သည့် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချမှုလည်း ဖြစ်သည်။
“လူမျိုးစုလိုက်သုတ်သင်တယ်လို့ စွပ်စွဲခံရတာကို ဖြေရှင်းဖို့အတွက် မြန်မာအစိုးရအနေနဲ့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ အားလုံး ပြုလုပ်ဖို့ မလေးရှားက တိုက်တွန်းပါတယ်” ဟု ကက်ဘိနတ်ကြေငြာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကိုလည်း ထိုကိစ္စနှင့်ပတ်သက်၍ ဆင့်ခေါ်မည်ဖြစ်ပြီး၊ နိုင်ငံခြားရးဝန်ကြီးကလည်း မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အခြားသော ထိပ်တန်းတာဝန်ရှိသူများနှင့် တတ်နိုင်သမျှမြန်မြန် တွေ့ဆုံသွားမည်ဟု ကြေငြာချက်က ဆိုသည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ကွာလာလမ်ပူတွင် ပြုလုပ်သည့် ဆန္ဒပြမှုတွင် မလေးရှား အန်ဂျီအိုအဖွဲ့များကလည်း ပူးပေါင်းပါဝင်ခဲ့သည်။
မွတ်စလင်ဖြစ်ခြင်းကြောင့်လား
ဂျာကာတာရှိ မြန်မာသံရုံးရှေ့တွင်လည်း ဆန္ဒပြသူ ၃၀၀ ၀န်းကျင်ခန့် စုရုံးကာ အကြမ်းဖက်မှုများ အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။ ရိုဟင်ဂျာများအပေါ် တိုက်ခိုက်မှု ရပ်တန့်ရန် မြန်မာအစိုးရကို တောင်းဆိုခဲ့ပြီး ထိုကဲ့သို့ လုပ်ရပ်များကို ရှုတ်ချရန်နှင့် ထိရောက်သော အရေးယူမှုများ ပြုလုပ်ရန်လည်း အင်ဒိုနိးရှားအစိုးရနှင့် ကုလသမဂ္ဂတိုကို တိုက်တွန်းခဲ့သည်။
ဆန္ဒပြမှုစတင်ပြီး ၂ နာရီကြာသည့်အချိန်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများနှင့် မြန်မာသံရုံး တာဝန်ရှိသူများအကြား တွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့ပြီး ဆန္ဒပြသူများကို ကိုယ်စားပြုသည့် လူ ၃ ဦးက တာဝန်ရှိသူများနှင့် စကားပြောဆိုခဲ့ကာ အရေးယူရန် တိုက်တွန်းခဲ့သည်။
“မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ်မှာ ဖြစ်ပျက်နေတာတွေဟာ လူအခွင့်အရေးဆိုင်ရာ ဆိုးရွားတဲ့ ရာဇ၀တ်မှု ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သူတို့ကို ပြောခဲ့ပါတယ်” ဟု Alliance for the Unity of Muslims အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အစ္စကန်ဒါရှား ဆီရီဂါက ပြောကြားခဲ့သည်။ ၎င်းမှာ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံသူ ၃ ဦးတွင် ပါဝင်ခဲ့သူဖြစ်သည်။
“ဒါက လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာ သိပ်ရှင်းတယ်။ ကျွန်တော်တို့ ဒါကို ရှုတ်ချပါတယ်။ မြန်မာအစိုးရရနေနဲ့ သူတို့ အစိုးရက လုပ်နေတာနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားအရေးယူဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်”
အစ္စကန်ဒါရှားက မိမိတို့၏ တောင်းဆိုမှုများကို တနင်္လာနေ့တွင် အကြောင်းပြန်ပေးရန်လည်း မြန်မာသံရုံးကို တောင်းဆိုခဲ့ပြီး ထိုသို့ မဆောင်ရွက်ပါက ထပ်မံ ဆန္ဒပြသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
“သူတို့(ရိုဟင်ဂျာတွေ) ဟာ မွတ်စလင်ဖြစ်နေလို့ ခင်ဗျားတို့ ဒီလို ရပ်တည်ချက်မျိုး ရှိနေတာလား – လို့ ကျွန်တော်တို့ မေးလိုက်တယ်ဗျ။ အဲလိုဆိုရင် မြန်မာအစိုးရက မွတ်စလင်တွေအပေါ်မှာ လုံးဝ ရန်လိုနေတယ်လို့ ဆိုလိုတာပဲ။ ဒါဟာ ကမ္ဘာ့ မွတ်စလင်လူဦးရေအများဆုံးဖြစ်တဲ့ ကျွန်တော်တို့ အင်ဒိုနီးရှားကို သူတို့ရန်သူစာရင်းထဲ ထည့်လိုက်တာပါ” ဟု အစ္စကန်ဒါရှားက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားအာဏာပိုင်များကမူ မြန်မာသံရုံးတစ်ဝိုက် လုံခြုံမှု ရှိစေရန်အတွက် ရဲတပ်ဖွဲ့ဝင်ပေါင်း ၄၀၀ ၀န်းကျင်ကို တပ်ဖြန့် ချထားခဲ့သည်။ အခြေအနေ တင်းမာလာပါက ထပ်မံ တပ်ဖြန့်ချထားရန်အတွက် အခြားသော လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ထိုအနီးနားတစ်ဝိုက်တွင် ရှိနေသည်။
သံရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံပြိးနောက် ဆန္ဒပြသူများက မိမိတို့မှာ ထိုကိစ္စအတွက် အရေးယူမှု ပြုလုပ်ရန် ကုလကိုလည်း တောင်းဆိုသွားမည်ဟု ပြောကြားခဲ့သည်။
ဆန္ဒပြသူများတွင် မွတ်စလင်လူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်သူ ရာဖီလ် အစ္စမေးလ်ဆိုသူလည်း ပါဝင်ပြီး ၎င်းက ၎င်း၏မိသားစုဝင် ၁၇ ဦးမှာ ရခိုင်ပြည်နယ်တွင် အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
ဘန်ကောက်တွင်လည်း မွတ်စလင်အဖွဲ့အစည်း ၂၀ ကျော်မှာ ဆန္ဒပြသူများမှာ မြန်မာသံရုံးသို့ စာတစ်စောင် ပေးအပ်ခဲ့ပြီး အကြမ်းဖက်မှု အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။
မမှန်သတင်းများ
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူက မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့တွင် ဆန္ဒပြမှုများမှာ မမှန်သတင်းများအပေါ် အခြေခံခြင်းဖြစ်ပြီး စိတ်ပျက်ဖွယ်ကောင်းသည်ဟု ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဆန္ဒပြမှုများက အခြေအနေကို အကူအညီဖြစ်စေမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံက အဆိုပါ ဆန္ဒပြမှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း CNA ကို ပြောကြားခဲ့သည်။ ထို့ပြင် လိုအပ်မှသာလျှင် အဆိုပါ ဆန္ဒပြမှုကို တုန့်ပြန်သွားမည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့ပြီး လူပေါင်းရာချီ သေဆုံးခဲ့သည့် ပဋိပက္ခနောက်ပိုင်း လတ်တလော အဖြစ်အပျက်မှာ သွေးထွက်သံယိုမှုအများဆုံး အဖြစ်အပျက်လည်း ဖြစ်သည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် ဖြစ်ွားခဲ့သည့် ပဋိပက္ခများကြောင့် ရိုဟင်ဂျာမွတ်စလင် ရာပေါင်းများစွာမှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရပြီး ထိုပြဿနာမှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည့်နှင့် မြန်မာအစိုးရသစ်အတွက် ဆိုးရွားသည့် စိန်ခေါ်မှုအဖြစ် ရှိနေသည်။
Ref : Channelnewsasia
Comments