ဒီဇင်ဘာ ၁၈၊ ၂၀၁၆
M-Media
– ဆီးရီးယားနိုင်ငံ အဲလစ်ပိုမြို့တွင် ဆီးရီးယားအစိုးရတပ်များ၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံစားနေရသည့် ပြည်သူများအား စာနာမှုကို ဖော်ကျူးသည့်အနေဖြင့် ကာတာက အမျိုးသားနေ့အခမ်းအနားများ မပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။
ကာတာအမျိုးသားနေ့မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ (ယနေ့တွင်) ကျရောက်ခြင်းဖြစ်ပြီး မနက်ပိုင်းတွင် မြို့တော်ဒိုဟာ၌ စစ်ကြောင်းများချီတက်ခြင်း၊ တစ်နေ့လုံး ယဉ်ကျေးမှုဆိုင်ရာပွဲတော်များ ကျင်းပခြင်းနှင့် ညနေပိုင်းတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတို့ကို ပုံမှန် ပြုလုပ်လေ့ရှိသည်။
သို့သော်လည်း ကာတာသမ္မတ ရှိခ် တာမင် အလ်-သာနီကမူ ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ကာ အမျိုးသားနေ့အခမ်းအနားများကို မပြုလုပ်ရန် တားမြစ်ခဲ့သည်။
“အဆိုးဝါးဆုံး ဖိနှိပ်မှု၊ ငြှင်းပမ်းမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးမှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ခံစားနေရတဲ့ အဲလစ်ပိုမြို့က ပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ ကာတာသမ္မတ ရှိခ် တာမင် ဘင် ဟာမဒ် အလ်-သာနီဟာ အမျိုးသားနေ့အထိမ်းအဖြစ် ပြုလုပ်မယ့် အခမ်းအနားတွေအားလုံးကို ပယ်ဖျက်ဖို့ အမိန့်ပေးလိုက်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
သူပုန်များ သိမ်းပိုက်ထားသော အဲလစ်ပိုမြို့အရှေ့ပိုင်းကို ဆီးရီးယားအစိုးရစစ်တပ်က ဆက်လက်၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေမှုကြောင့် အဆိုပါမြို့မှ အရပ်သားများနှင့် သူပုန်များ ကယ်ထုတ်ရေး သဘောတူညီချက်ကို မလိုက်နာဟု စိုးရိမ်မှုများ ပေါ်ထွက်လာပြီးနောက် ကာတာက ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်။
Ref: Aljazeera
Comments