ဒီဇင်ဘာ ၂၄၊ ၂၀၁၆
M-Media
– ယမန်နေ့က လစ်ဗျားနိုင်ငံပိုင်လေကြောင်းမှ ခရီးသည်တင် လေယာဉ်တစ်စီးကို ပြန်ပေးဆွဲသူ နှစ်ဦးမှာ မောလ်တာအာဏာပိုင်များထံ လက်နက်ချခဲ့ပြီး ပြန်ပေးဆွဲမှုမှာ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။
Afriqiyah လေကြောင်းလိုင်းမှ ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၁၈ ဦး လိုက်ပါသွားသည့် လေယာဉ်မှာ နိုင်ငံအနောက်တောင်ပိုင်း ဆဘ်ဟာမှ ထရီပိုလီသို့ ပျံသန်းစဉ် ထိုကဲ့သို့ ပြန်ပေးဆွဲခံရကာ လေယာဉ်ကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ပြီး မောလ်တာနိုင်ငံတွင် ဆင်းသက်ခိုင်းခဲ့သည်။
ပြန်ပေးဆွဲသူများမှာ ၂၀၁၁ ခုနှစ် တော်လှန်ရေးတွင် သေဆုံးသွားခဲ့သည့် အာဏာရှင်ဟောင်း ကဒါဖီအား ထောက်ခံသူ အသက် ၂၀ ကျော်အရွယ်များဖြစ်ပြီး မောလ်တာအာဏာပိုင်များထံ လက်နက်ချကာ အဖမ်းခံခဲ့သည်။
မောလ်တာဝန်ကြီးချုပ် ဂျိုးဆက်ပ် မူစကတ်ကမူ ပြန်ပေးဆွဲသူများထံမှ ပစ္စတိုတစ်လက်နှင့် လက်ပစ်ဗုံးတစ်လုံးကို သိမ်းဆည်းရမိခဲ့ပြီး နောက်ပိုင်းတွင် လေယာဉ်ပေါ်မှ ခြောက်လုံးပြူးတစ်လက်ကို တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
နောက်ပိုင်း မောလ်တာအစိုးရက ထုတ်ပြန်သည့် ကြေငြာချက်တွင် အဆိုပါလက်နက်များမှာ တကယ့်အစစ်နှင့် ခွဲမရအောင်တူသည့် လက်နက်အတုများဖြစ်ပြီး ပစ်ခတ်၍မရဟု ဖော်ပြခဲ့သည်။
လစ်ဗျား နိုင်ငံခြားရေးဝန်ကြီး တာဟာရ် ဆီယာလာက ကဒါဖီကို ထောက်ခံသည့် အဆိုပါပြန်ပေးဆွဲသူနှစ်ဦးမှာ မောလ်တာနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပြီး၊ ကဒါဖီကိုထောက်ခံသည့် နိုင်ငံရေးပါတီကိုလည်း တည်ထောင်ချင်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
အဆိုပါ ပြန်ပေးဆွဲမှုတွင် လေယာဉ်ပေါ်၌ လိုက်ပါသွားသည့် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၁၁၈ ဦးစလုံး မည်သည့် ထိခိုက်ဒဏ်ရာရမှုမှ မရှိခဲ့ပေ။
Ref: Aljazeera
Comments