ဇန်န၀ါရီ ၂၊ ၂၀၁၇
M-Media
– ၂၀၁၆ ခုနှစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် သိပ္ပံပညာရှင်တွေရဲ့ တီထွင်ဆန်းသစ်မှု အသစ်တွေ၊ ရှာဖွေတွေ့ရှိမှုအသစ်တွေဟာ ကမ္ဘာက လေးစားချီးကျူးရတဲ့ အဆင့်အထိရောက်ခဲ့ပြီး တိုင်းပြည်အတွက် ဂုဏ်တက်စေခဲ့ပါတယ်။
အဲဒီ အောင်မြင်မှုထဲတွေထဲကမှ နက္ခရူပဗေဒ၊ လျှပ်စစ်အင်ဂျင်နီယာ၊ ရူပဗေဒ၊ ဆေးပညာနယ်ပယ်တွေမှာ ကမ္ဘာအဆင့် ရှာဖွေတွေ့ရှိမှုအသစ်တွေ ၆ ခုအကြောင်းကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။
၁။ ကြယ်ကြီး ၅ လုံး (ရူဘဘ်ခန်း)
ဘင်္ဂလားဒေ့ရှ်သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ရူဘဘ်ခန်းဟာ နက္ခတ္တဗေဒနယ်ပယ်မှာ အဓိကအောင်မြင်မှုကြီးတစ်ခုကို ရရှိခဲ့သူပါ။
နာဆာရဲ့ Goddard Space Flight Centre မှာ အလုပ်လုပ်နေတဲ့ ရူဘဘ်နဲ့ သူ့အဖွဲ့ဟာ Milky Way ထဲက ကြယ်စနစ်ကြီးတစ်ခုနဲ့ သွားတူပြီး Eta twins လို့ခေါ်တဲ့ ဧရာမကြယ်ကြီး ၅ လုံးကို တွေ့ရှိခဲ့ပါတယ်။
အမေရိကန် နက္ခတ္တဗေဒအသင်းရဲ့ ၂၀၁၆ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ရူဘဘ်ဟာ သူတို့ရဲ့တွေ့ရှိမှုကို တင်ပြခဲ့ပါတယ်။ အဲဒီ ကြယ်ကြီး ၅ လုံကို ရူဘဘ်ဟာ Hubble Space နက္ခတ်တာယာကြည့်မှန်ပြောင်း၊ နာဆာက Spitzer Space မှန်ပြောင်းတွေရဲ့ အကူအညီနဲ့ တွေ့ခဲ့တာ ဖြစ်ပါတယ်။
အိုဟိုင်းယိုးက ပညာရှင်တွေဖြစ်တဲ့ စကော့ အဒမ်၊ ခရစ္စတိုဖာ ကိုချာနက်၊ Goddard စင်တာက ဂျော့ဂ်ျ ဆန်နီဘွန်းတို့နဲ့ ပူးပေါင်းပြီး Eta tiwns ဖြစ်နိုင်တဲ့ အရာတွေကို ဖော်ထုတ်ဖို့အတွက် အလင်းနဲ့ အနီအောက်ရောင်ခြည်သုံး လက်ဗွေရာစနစ်ကိုလည်း တီထွင်ဖန်တီးခဲ့ပါတယ်။ နာဆာရဲ့အဆိုအရ ရူဘဘ်နဲ့အဖွဲ့ဟာ ၂၀၁၂ ခုနှစ်ကန ၂၀၁၄ ခုနှစ်အတွင်းမှာ Eta twins တွေကိုရှာရင်း ဂလက်ဆီ ၇ ခုကို တွေ့ရှိတယ်လို့ သိရပါတယ်။
သူတို့တွေ့ခဲ့တဲ့ ကြယ်ကြီး ၅ လုံးကို ကမ္ဘာမြေကနေ အလင်းနှစ် ၁၅ သန်းမှာ ရှိတဲ့ M83 ဂလက်ဆီမှာ ၂ ခု၊ အလင်းနှစ် ၁၈ သန်းနဲ့ ၂၆ သန်းစီဝေးတဲ့ NGC 6946၊ M101 နဲ့ M51 ဂလက်ဆီတို့မှာ တစ်ခုစီ တွေ့ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းလေ့လာမှုတွေအရ နက္ခတ္တဗေဒပညာရှင်တွေဟာ ဒီကြယ်ကြီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတွေကို ပိုမို တိတိကျကျနဲ့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီတွေ့ရှိမှုကြီးကိုတော့ ဒီဇင်ဘာလုထုတ် အကြိမ် ၂၀ မြောက် The Astrophysical Journal Letters မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။
၂။ ဆွဲအားလှိုင်းများ (စလင်း ရှာရီယာ)
အမေရိကန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်ပါမောက္ခဖြစ်တဲ့ စလင်း ရှာရီယာဟာ ဆွဲအားလှိုင်း (gravitational wave) တွေကို တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့ပြီး ဒါဟာ အိုင်းစတိုင်းရဲ့ နာမည်ကျော် နှိုင်းရသီအိုရီ (Relativity Theory) ကို အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
Northwestern တက္ကသိုလ်က စလင်းဦးဆောင်တဲ့ သိပ္ပံပညာရှင်တွေဟာ စကြာဝဠာကြီးထဲက တွင်းနက်ကြီး (Black Hole) နှစ်ခု တိုက်မိမှုကြောင့် ပေါ်ထွက်လာတဲ့ ဆွဲအားလှိုင်းတွေရှိကြောင်း သက်သေပြခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်မိမှုဟာ ကမ္ဘာမြေကြီးကနေ အလင်းနှစ်ပေါင်း ၁.၃ ဘီလီယံ အကွာအဝေးမှာ ဖြစ်ပေါ်တာပါ။ (အလင်းနှစ်တစ်နှစ်ဟာ မိုင်ပေါင်း ၅.၈၈ ထရီလီယံနဲ့ ညီမျှပါတယ်)
စလင်းဟာ ဆွဲအားတိုင်းတာရေးကိယာတစ်ခုဖြစ်တဲ့ LIGO Detector ရဲ့ အာရုံခံနိုင်စွမ်း တိုးတက်အောင်နဲ့ လေဆာရောင်ခြည် ကျယ်ကျယ်ပြန့်ပြန့် ဖြာထွက်နိုင်ရေး လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံး ကြိုးပမ်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုင်းတာရေးကိရိယာအတွက် L ပုံစံ အန်တာနာကိုတော့ အမေရိကန်အနောက်ပိုင်း ၀ါရှင်တန်ပြည်နယ်နဲ့ အရှေ့ပိုင်း ကမ်းရိုးတန်းမှာ ထားရှိထားတာပါ။ အဲဒီတိုင်းတာရေးကိရိယာ တပ်ဆင်ပြီးတဲ့ နေ့မှာပဲ စလင်းဟာ ဒိုင်ခွက်မှာ ပရိုတွန်ရဲ့ အကြိမ် ၁၀၀၀ ပုံတစ်ပုံလောက်အထိ သေးငယ်တဲ့ အစက်အပျောက်လေးတစ်ခု ၀.၂ စက္ကန့် ကြာ ပေါ်လာတာကို တွေ့ရှိပါတယ်။ ဒီစက်အပျောက်လေးကပဲ စကြာဝဠာကြီး မွေးဖွားလာမှု၊ သဘာဝတို့နဲ့ပတ်သက်ပြီး သိပ္ပံပညာတွေရှင်တွေကို သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန် ပေးလိုက်တာဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ စကြာဝဠာကြီးအတွင်းမှာ ဆွဲအားလှိုင်း (gravitational wave) တွေရှိတယ်ဆိုတဲ့ အိုင်းစတိုင်းရဲ့ အယူအဆကို အတည်ပြုလိုက်တာလည်းဖြစ်ပါတယ်။
၃။ ဆွဲအားလှိုင်းနှင့် အာကာသလှိုင်းဂယက် (ဒီပန်ကာရ် တာလွက်ဒါရ်)
အသက် ၃၉ နှစ်အရွယ်ရှိပြီး ဒါကာတက္ကသိုလ်က ရူပဗေဒဌာန ကျောင်းသားဟောင်း သိပ္ပံပညာရှင် ဒီပန်ကာရ်ဟာ စလင်းလိုပဲ သူ့အဖွဲ့နဲ့အတူ ဆွဲအားလှိုင်း (gravitational wave) နဲ့ အာကာသလှိုင်းဂယက် (ripple) တွေကို ရှာဖွေဖော်ထုတ်ခဲ့သူပါ။
သူတို့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု လူဝီစီယားနားနဲ့ ၀ါရှင်တန်တို့မှာရှိတဲ့ ဆွဲအားတိုင်းတာရေး လေဆာကိရိယာကြီးကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ လေဆာနည်းပညာအသုံးပြု ဆွဲအားတိုင်းတာရေး (LIGO) စခန်းကို အသုံးပြု ခဲ့တဲ့ သူတို့အုပ်စုဟာ သိပ္ပံပညာရှင်တွေအတွက် အသစ်အဆန်းဖြစ်တဲ့ လှိုင်းသင်္ကေတတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ မိမိတို့ကမ္ဘာက အလင်းနှစ် ၁.၃ ဘီလီယံမှာရှိပြီး နေထက် အဆ ၃၀လောက်ပိုကြီးတဲ့ တွင်းနက်ကြီး (Black hole) နှစ်ခုအကြား တိုက်မိမှုကြောင့် ပေါ်ထွက်လာတဲ့ ဆွဲအားလှိုင်း (gravitational wave) နဲ့ အာကာသလှိုင်းဂယက် (ripple) တွေပဲ ဖြစ်ပါတယ်။
၎။ နာနိုအရွယ်အစား အီလက်ထရောနစ်နှင့် စပင်ထရောနစ် ကိရိယာများ (ဆယက်ဖ် ဆာလာဟွဒ်ဒင်)
ဘင်္ဂလားဒေ့ရှ် သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ ဆယက်ဖ် ဆာလာဟွဒ်ဒင်ဟာ ပါဝါအစားသက်သာစေတဲ့ နည်းလမ်းနဲ့ အချက်အလက်သိုလှောင်ရေး နည်းလမ်းတွေမှာ အသုံးပြုဖို့အတွက် နာနိုအရွယ်အစား အီလက်ထရောနစ်နဲ့ စပင်ထရောနစ် ကိရိယာ (Nano-scale electronic and spintronic device) တွေကို တီထွင်ခဲ့သူပါ။
အဲဒီ ကိရိယာတွေဟာ အချက်အလက်တွေ သိုလှောင်ဖို့၊ ဖြန့်ဝေဖို့အတွက် အီလက်ထရွန်ရဲ့ ဂုဏ်သတ္တိကို အသုံးပြုပါတယ်။ အီလက်ထရောနစ် ကိရိယာတွေဟာ များသောအားဖြင့် အချက်အလက်တွေကို သိမ်းဆည်းဖို့ အီလက်ထရွန်ရဲ့ လျှပ်စစ်ဂုဏ်သတ္တိကို အသုံးပြုတာပါ။ စပင်ထရောနစ်ကိရိယာတွေကတော့ အီလက်ထရွန်ရဲ့ လည်ပတ်မှုအဟုန်ကို အခြေခံကာ ဖန်တီးထားတာ ဖြစ်ပါတယ်။
ဆာလာဟွဒ်ဒင်ဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်က လျှပ်စစ်အင်ဂျင်နီယာနဲ့ ကွန်ပျူတာသိပ္ပံ လက်ထောက်ပါမောက္ခတစ်ဦးဖြစ်ပြီး သိပ္ပံနဲ့ အင်ဂျင်နီယာနယ်ပယ်တွေမှာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေအတွက် ဖေဖော်ဝါရီလက အမေရိကန်အစိုးရရဲ့ Presidential Early Career Awards ဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။ အဲဒီဆုဟာ အစောပိုင်း သုတေသနလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တဲ့ သိပ္ပံပညာရှင်တွေအတွက် အမေရိကန်အစိုးရက ပေးအပ်ချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်လည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အင်ဂျင်နီယာနှင့် နည်းပညာတက္ကသိုလ် (BUET) က ချီးမြှင့်တဲ့ လျှပ်စစ်နဲ့ အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့၊ ဒေါက်တာဘွဲ့တွေကို ဆာလာဟွဒ်ဒင်က ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာ ရရှိထားပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ သူဟာ ကယ်လီဖိုးနီးယားတက္ကသိုလ်နဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တာပါ။
၅။ ရေညှိပင်ကို ဇီဝလောင်စာ ပြောင်းလဲမှု (ဒေါက်တာ တမ်ဂျီဒွလ် ဟက်)
ကွန်ပျူတာသိပ္ပံပညာဌာနရဲ့ လက်ထောက် ပါမောက္ခဖြစ်တဲ့ တမ်ဂျီဒွလ် ဟက်ဟာ ရေညှိပင်ကနေ ဇီဝလောင်စာ ထုတ်လုပ်ဖို့အတွက် ဆော့ဖ်ဝဲနဲ့ အခြေခံ သီအိုရီတွေကို ဖော်ထုတ်တင်ပြခဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ဒီအောင်မြင်မှြုေ ကာင့်ပဲ အမေရိကန် သုတေသနအဖွဲ့Louisiana Board of Regents Industrial Ties Research Subprogram ရဲ့ ကန်ဒေါ်လာ တစ်သိန်းငါးသောင်းနီးပါး ဂုဏ်ပြုမှုကို ရရှိခဲ့ပါတယ်။ နောက်ပြီး ၃ နှစ်စာ သုတေသနထောက်ပံ့ကြေး ဒေါ်လာ ၃၆၇၂၀ ကိုလည်း ရရှိခဲ့ပါတယ်။
“ရေညှိဟာ ဘယ်လိုအပင်မျိုးထက်မဆို ဇီဝလောင်စာထုတ်လုပ်ဖို့ အလားအလာအကောင်းဆုံး ဆိုတာကို တွေ့ခဲ့ရပါတယ်။ ပြီးတာ့ နေစွမ်းအင်ကို အသုံးပြုနိုင်ပြီး လေထဲက ကာဘွန်ဒိုင်အောက်ဆိုက်ကို အသုံးဝင်တဲ့ လောင်စာအဖြစ် ပြောင်းပေးနိုင်တဲ့ microbial cell factory တွေကိုလည်း ရေညှိက ကောင်းကောင်း ဖွံ့ဖြိုးနိုင်ပါတယ်။ ဒီလို ဆောင်ရွက်မှုက လောင်စာသံသရာမှာ ပျောက်ဆုံးနေတဲ့ အချိတ်အဆက်တစ်ခုကို တည်ဆောက်လိုက်နိုင်တာလည်း ဖြစ်ပါတယ်” လို့ ဟက်က ပြောကြားခဲ့ပါတယ်။
ဟက်ရဲ့ ဒီစီမံကိန်းကို UNO၊ BHO Technology နဲ့ Louisiana Emerging Technology Centre တို့လို အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။
၆။ ပါကင်ဆန်ရောဂါ ဗီဇပြောင်းလဲခြင်း (ဒေါက်တာ မီရာသွလ် မိုဟာမစ် ခန်း မူကစ်)
Dundee တက္ကသိုလ်မှာအခြေစိုက် လုပ်ကိုင်နေတဲ့ ထိပ်တန်းသိပ္ပံပညာရှင် မူကစ်ဟာ ဗြိတိန်-ဘင်္ဂလားဒေ့ရှ် သိပ္ပံပညာရှင်တစ်ဦဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက် နာမည်ကျော် European Molecular Biology Organisation Young Investigator Programme (EMBO YIP) အဖွဲ့က ရွေးချယ်ချယ်တဲ့ လူငယ်သိပ္ပံပညာရှင်စာရင်းထဲမှာ ထည့်သွင်းခံရသူ ဖြစ်ပါတယ်။
သူ့ရဲ့ သုတေသနပြုမှုဟာ ပါကင်ဆန်ရောဂါနဲ့ သက်ဆိုင်တဲ့ ဗီဇပြောင်းလဲမှုမှာ အရေးပါတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တယ်လို့ Dundee တက္ကသိုလ်ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
တက္ကသိုလ်ရဲ့ School of Life Sciences ကျောင်းက MRC Protein Phosphorylation and Ubiquitylation ဌာန တာဝန်ရှိသူတစ်ဦးလည်းဖြစ်တဲ့ မူကစ်ဟာ ပါကင်ဆန်ရောဂါရဲ့ အကြောင်းအရင်းကို ပိုမိုနားလည်ဖို့အတွက် အင်မတန် အားကောင်းတဲ့ သုတေသနပြုမှုကို ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ Ninewells ဆေးရုံမှာ မသန်စွမ်းသူတွေကို ကုသပေးနေသူပါ။
Ref: The Daily Star
Comments